မော်လမြိုင် မြို့ပေါ်ရပ်ကွက်များ အပါအဝင် မြို့နယ် နေရာအများစု ရေကြီးရေလျှံနေသော်လည်း ကူညီသူမရှိဖြစ်နေ
ရန်ကုန်၊ ဇူလိုင် ၁၉
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့မှ စ၍ ရေများ ဝင်ရောက် နေပြီး ယနေ့တွင် မြို့ပေါ်ရပ်ကွက်များအပါအဝင် နေရာအတော်များများ ရေကြီးနေ၍ ပြည်သူများ အခက်တွေ့နေကြကြပြီး အကူအညီများ လိုအပ်နေကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ မော်လမြိုင်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းအထိ ရေကြီးရေလျှံနေကြောင်း၊ မြို့ပေါ်လမ်းများရေကျော်ရုံသာမက မော်လမြိုင်ရပ်ကွက် လမုတန်း၊ ရွှေမြိုင်သီရိ၊ဇေယျာသီရိ၊ မြိုင်သာယာ ၊ ဖက်ခင်း မုပွန် သီရိမြိုင် မော်လမြိုင် ကျိုက်မရော ကားလမ်းတွင် ရေကြီးနေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
“အာဏာသိမ်း စစ်ခွေးတွေဘက်က ဘာကောင်မှမလာဘူး။ မုပွန်ဘက်မှာ သက်ကြီးရွယ်အိုတွေ ပိတ်မိနေပါတယ်။ မော်လမြိုင်ရပ်ကွက် လမုတန်း ရွှေမြိုင်သီရိ ဇေယျာသီရိ မြိုင်သာယာ ဖက်ခင်း မုပွန် သီရိမြိုင် မော်လမြိုင် ကျိုက်မရော ကားလမ်း အကုန်ရေကျော်နေပါတယ်။ မုပွန်တို့ ဖက်ခင်း အဆိုးဆုံးပဲ” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိအချိန်တွင် ပြည်သူများကို ရပ်ကွက်လူမှုကူညီရေးအဖွဲ့များသာ ကူညီပေးသူရှိကြောင်း၊ ပြည်သူများမှာလည်း ယခင်ကဲ့သို့ အားတက်သရော ကူညီပေးနိုင်မှု မရှိတော့ကြောင်း၊ အများစုမှာ ရေလွတ်ရာ ဘုန်းကြီးကျောင်းများသို့ ကိုယ့်အစီအစဉ်ဖြင့် ကိုယ် ရှောင်တိမ်းနေကြရပြီး အစားအသောက်အနေအထိုင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရှိရသည်။
“စစ်တပ်ဘက် တာဝန်ရှိသူတွေ ဘာမှ မလုပ်။ အရင်အာဏာရ NLD အစိုးရလက်ထက်ကဆို ရေကြီးရေလျှံတာနဲ့ ပြည်သူတွေ အကုန် အားတက်သရော ကူညီကြတယ်။ ထမင်းတွေ ဟင်းတွေ လိုအပ်တာတွေ ဝေကြတယ်။ အခုဆို ဆေး ဝါး တွေကလည်း အဆမတန်တက်နေတော့ ဘယ်သူမှ လာမလှူကြတော့။ တိုင်းပြည်က တော်တော်လေးကို ပျက်စီးသွားပြီ။ လူတွေလည်း အားတက်သရော မကူညီနိုင်ကြတော့ဘူး”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။


