ချင်းပြည်နယ်၊ ကန်ပက်လက်တွင် ၄ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၉ ဦးသေဆုံး၊ လက်နက်ခဲယမ်းနှင့် ရိက္ခာ အကူအညီ ပေးကြရန် ပြည်သူများကို မေတ္တာရပ်ခံ
ရန်ကုန်၊ ဇူလိုင် ၁၉
ချင်းပြည်နယ်၊ ကန်ပက်လက်တွင် ဇူလိုင်လ ၁၆ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့ အထိ ၄ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာ အကူအညီ ပေးကြရန် ပြည်သူများကို CDF ကန်ပက်လက်က မေတ္တာရပ်ခံလိုက်သည်။
ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်မှ နံနက် ၉ နာရီ အချိန်ခန့်တွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် CDF ကန်ပက်လက် တို့က ဆွဲလွဲကျင်းကျေး ရွာအနီးတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦး သေဆုံး ၍ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၇ နာရီမှ နံနက် ၇ နာရီ ၃၀ မိနစ် အချိန် ကန်ပက်လက်မြို့နယ်၊ ဆွဲလွဲကျင်းနှင့် မဆာတွီကျေးရွာအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ အရာရှိတစ်ဦး အပါအဝင် စစ်သား ၅ ဦးသေ ဆုံး၍ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ထပ်မံ၍ တိုက်ပွဲ ဖြစ်ပွားရာတွင် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ၊ ထို့ကြောင့် စစ်တပ်က ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ နံနက် ၁၁ နာရီ အတွင်း Jet Fighter (၅)စင်း ဖြင့် အကြိမ် ၂၀ ထက်မနည်းမဆာတွီကျေးရွာသို့ ပစ်မှတ် ထား၍ လေကြောင်းမှ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် BCM ဘုရားကျောင်းအပါအဝင်လူနေအိမ် (၇)လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၉ ရက်နေ့ မဆာတွီကျေးရွာ အောက်နားတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦးထပ်မံသေဆုံး၍ ဒဏ်ရာရသူအများအပြား ရှိခဲ့ကြောင်း၊ CDF ကန်ပက်လက်ဘက်မှ ၄ ရက်တာ တိုက်ပွဲအတွင်း ရဲဘော် ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
CDF ကန်ပက်လက် အနေဖြင့် စစ်ကောင်စီတပ်ကို ဆက်လက် တိုက်ပွဲဝင်နိုင်ရန်အတွက် အရေးပေါ် လိုအပ်နေသည့် လက်နက်၊ ခဲယမ်း၊ ရိက္ခာများကို အမြန် ဆုံး ထောက်ပို့ပေးပါရန်နှင့် ဆုတောင်း ခြင်းဖြင့် ပါဝင်ပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါကြောင်း CDF ကန်ပက်လက်က ထုတ်ပြန်ထားသည်။
