ရွှေဘိုတွင် စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုမြို့နယ်ရှိ စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကန်ရွာနှင့် တကန်သာကျေးရွာကြားတွင် စစ်ကူလာသော အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပြန်တမ်းဝင် အရာရှိအပါအဝင် အကြမ်း ဖက်စစ် သား ၂ ဦးသေ ဆုံးခဲ့ကြောင်း Black Wolf – Army တပ်ဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၁၇ ရက် ညနေ ၅ နာရီ ၅၅ မိနစ်ခန့်က ဟန်လင်းမြို့ဟောင်းရှိ အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အထိနာသဖြင့် ရွှေဘိုမြို့မှ အင်အား ၅၀ ခန့် ဖြင့် စစ်ကူပေးရန် ထွက်ခွာသည့် စစ်ကြောင်းကို မြေပြင်၊ ဝေဟင်ပူးတွဲ စစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ်မှ ပြန်တမ်းဝင်အရာရှိအပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Black Wolf – Army ၊ Who am I – Army ၊ ရွှေဘိုကျားကြီးအဖွဲ့၊ ရွှေဘိုမင်းအဖွဲ့ နှင့် တိုက်နယ်ပကဖ ၄ အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက် ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် Mi 35 ရဟတ်ယာဉ်ဖြင့်တစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ ကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မင်းရွာအထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲကြောင်း နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသ၊ မင်းရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို ၈၀ မမ လက်နက်ကြီး ၇ လုံးနှင့် ရှော့တိုက်ဒုံး ၈ လုံး အသုံးပြု တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်း ၁ အညာဒေသ၊ ညောင်ဦးခရိုင်တပ်ရင်း ၅၊ ရဲဘော်ညီနောင် ပြောက်ကျားတပ်ဖွဲ့နှင့် Fighter Guerrilla Group-YSO တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
