တနင်္သာရီမြို့ရှိ မောတောင်လမ်းပိုင်းတွင် ၅ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးသူ များပြား၊ ရေဖြူမြို့နယ် အလယ်စခန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ
ရန်ကုန်၊ ဇူလိုင် ၂၀
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ မောတောင်လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၅ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ သေဆုံးသူ များပြားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဇူလိုင် ၁၅ ရက်နေ့ နံနက် ၇ နာရီခန့်မှ စတင်ပြီး တနင်္သာရီမြို့ဘက်မှ လာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ အကြမ်းဖက်စစ်တပ်၏ ခြေလျင်စစ်ကြောင်းနှင့် ချောင်းနှစ်ပေါက်ရွာမှ KTLA-Tcjf လုံခြုံရေးကင်းအဖွဲ့တို့ တွေ့ဆုံကာ ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင် ၁၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် အထက်ကွန်းသီးတောရွာ၊ ADI ဆီအုန်းကုမ္ပဏီ ဧရိယာအနီး တိုက်ပွဲထပ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် ဇူလိုင် ၁၇ ရက်နေ့တွင် ASI ဧရိယာရှိ ထုကသည်းမှနေ၍ သဲဖြူရွာဘက်ကို လက်နက်ကြီးများနှင့် တစ်နေ့ကုန်နီးပါး ရမ်းသမ်းပစ်ခတ်ခဲ့ရာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်မှု မရှိခဲ့ကြောင်း၊ ဇူလိုင် ၁၈ ရက်နေ့တွင်မူ အဆိုပါ ထုကသည်း နေရာသို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ဒရုန်းနှင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ဒရုန်းနှင့် တိုက်ခိုက်ခံရသည့် စစ်တပ် စစ်ကြောင်း တပ်ပြန်ဆုတ်ရာတွင်လည်း အဆိုပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ပဒေသာမိုင်းနှင့် တစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ လက်နက်ငယ်များနှင့် ခြုံခိုပစ်ခတ်ခဲ့ကြောင်း KTLA -Tcjf အဖွဲ့ထံမှ သိရှိရသည်။
ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက ချောင်းနှစ်ပေါက်ရွာသို့ ဝင်လာသည့် အကြမ်းဖက်စစ်တပ်သည် ဇူလိုင်လ ၁၉ ရက်နေ့ ပြန်ဆုတ်သွားချိန်တွင်လည်း ချောင်းနှစ်ပေါက်ရွာနှင့် သိန်ခွန်းရွာကြားတွင် တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ဝင်လာချိန်တွင် အင်အား ၈၀ မှ ၁၀၀ ကြားရှိသော်လည်း ပြန်ဆုတ်ချိန်တွင် ချောင်းနှစ်ပေါက်ရွာမှ ၎င်းတို့ကို လာကြိုသည့် စစ်သား ၅၀ ဦးနှင့် ပေါင်းမှ စုစုပေါင်း အင်အား ၁၀၀ ခန့်မျှသာ ရှိတော့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KTLA (ထီးစမယ်ရွာ တပ်ရင်း)၊ KNU(တပ်ရင်း ၁၁)၊ နဂါးမင်း(PDF)၊ Droneအဖွဲ့၊ SWDF(တောင်ပိုင်းသူရဲကောင်းများအဖွဲ့)၊ ခွပ်ဒေါင်းတမန်စစ်ကြောင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီး ကြောင်လျှာကွင်းတွင် ဇူလိုင် ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ အနီးဝန်းကျင်ကို လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်နေသည်မှာ ၃ ရက်ဆက်တိုက် ရှိပြီဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
တိုက်ပွဲဖြစ်ပွားပြီးချိန်တွင် အလယ်စခန်းရွာရှိ ဘုရားကုန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်သည် ယနေ့ ဇူလိုင် ၂၀ ရက်နေ့ နံနက်ပိုင်းအထိ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
အကြမ်းဖက်စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် အလယ်စခန်းရွာအနီးတစ်ဝိုက်တွင် ကျရောက်ပေါက်ကွဲနေကြောင်း၊ ရေဖြူမြို့နယ်ရှိ အလယ်စခန်းရွာသည် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် အစပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်နှင့် ၄ မိုင်ခန့်အကွာအဝေးတွင် တည်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
(The Tanintharyi Times သတင်းဌာနသည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက် မီဒီယာဖြစ်သည်။