မင်းလှတွင် ပဲခူးရိုးမ အတွင်းမှ မီးသွေးများ ခိုးထုတ်လာသည့် ပျူစောထီးများ မောင်းနှင်လာသော ဖောကားကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၀
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ပဲခူးရိုးမ အတွင်းမှ မီးသွေးများ ခိုးထုတ်လာသည့် ပျူစောထီးများ မောင်းနှင်လာသော ဖောကားကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်အနီးတွင် စစ်တပ်နှင့် ပူးပေါင်းပြီး ရိုးမအတွင်းမှ မီးသွေးများ ခိုးထုတ်လာနေသည့် ဖောကား ၁ စီးကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦးသေဆုံးကာ ကားကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ပျူစောထီး ၂ ဦးမှာ ချစ်မွှေးနှင့် ကောင်းစံ တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် ခလရ ၁ တပ်မှ တပ်ကြပ်ကြီး ခင်မောင်ကြည်၏ လက်ရင်းတပည့်များဖြစ်ကြောင်း၊ အဆိုပါ သေဆုံးသွားသော ပျူစောထီး ၂ ဦးသည် အကြမ်းဖက် စစ်သားများ ရိုးမပေါ် သွားလာရေးအတွက် ကားဖြင့် အကြိုအပို့ လုပ်ဆောင်ပေးနေပြီး ရိုးမအတွင်းမှ PDF စခန်းနေရာ ရှာဖွေရာတွင် အားကြိုးမာန်တက် လိုက်ပါ ပြသသူများ ဖြစ်သည့် အတွတက် စစ်တပ် ထောက်တိုင်အဖြစ် သတ်မှတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ သည် ပြည်သူကို ကာကွယ်ရန်နှင့် စစ်အုပ်စုကို အမြစ်ဖြတ်တိုက်ခိုက်ရန်သာမက ပဲခူးရိုးမကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည့်အတွတ် ကနဦးသတိပေးချက်ထုတ်ပြန်ပြီးမှသာ ယခုစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။