ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို စစ်ကောင်စီက ထောင်ဒဏ် ၅နှစ်ထပ်မံချမှတ်လို့ ထောင်ဒဏ် အနှစ်၂၀ အထိရှိလာ
ရန်ကုန်| ဇူလိုင် ၂၁
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ ဥက္ကဌဟောင်းဖြစ်သူ ကိုဉာဏ်ဝင်းထက်ကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) နဲ့ မနေ့က ထောင်ဒဏ် ၅နှစ်ထပ်မံချမှတ်လို့ သူ့ကို ချမှတ်ထားတဲ့ထောင်ဒါဏ်ဟာ အနှစ် ၂၀အထိ ရှိလာပြီလို့ ဗကသများအဖွဲ့ချုပ်က ဆိုပါတယ်။
ကိုဉာဏ်ဝင်းထက်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃)နဲ့ ထောင်ဒါဏ် ၅နှစ် ထပ်မံချမှတ်လိုက်တာလို့ သိရပါတယ်။
ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ်က အကြမ်းဖက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ကိုဉာဏ်ဝင်းထက်ကို စစ်ကောင်စီက၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ) နဲ့ထောင်ဒဏ် ၈ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃)နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး မနေ့က ထပ်မံချမှတ်လိုက်တဲ့ ထောင်ဒါဏ်၅နှစ် ထပ်ပေါင်းရင် ထောင်ဒါဏ်အနှစ် ၂၀အထိ ချမှတ်ခံထားရပြီလို့ ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
ဓါတ်ပုံ – ABFSU