ကသာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က အင်ဒရန့်ရွာမှ နေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးသွား
ရန်ကုန်၊ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က အင်ဒရန့်ရွာမှ နေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့တွင် ငအိုး ၁၂၁ တပ်ရင်းမှ ထွက်လာသည့် စစ်သားများကို ညောင်ရှိုအနီး တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အင်ဒရန့်ရွာ၌ တပ်စွဲခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့တွင် အဖျားရောဂါဖြစ်နေသည့် စစ်ဗိုလ် ၁ ဦးနှင့် အခြားလူနာ ၁ ဦးကို စက်လှေဖြင့် ကသာသို့ ပို့ပြီး အင်ဒရန့်ရွာကို ပြန်လာစဥ်တွင် KIA တပ်ရင်း ၁၂ က ပစ်ခတ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က အင်ဒရန့်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်၊ ဆီဆိုင်၊ ကုန်စုံဆိုင်၊ ဆေးဆိုင်၊ ဝပ်ရှော့ အပါအဝင် အဆောက်အဦး ၂၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှှရသည်။
အဆိုပါ စစ်ကြောင်းကို မွန်းလွဲပိုင်းတွင် အင်ဒရန့်ရွာမှ ထွက်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ စောင့်ကြို တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က အခင်းတဲ ၂ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသော နေအိမ်များမှာ ဦးဘရန်တောင်၊ ဦးဝင်ညွန့်၊ ဦးတိုးတိုး၊ မခွါညို၊ ဦးတင်ဝင်း၊ ကိုစိုးမင်းလတ်၊ ဒေါ်စိန်ဌေး၊ ကိုမျိုးမြင့်၊ ကိုငယ်လေး၊ ဦးအုန်းစိန်၊ ဦးအောင်ဇော်၊ ကိုရေခဲ၊ ကိုအောင်ကို၊ ဒေါ်မိစန်း၊ ဒေါ်ကြူခိုင်၊ ဒေါ်ချောစု၊ ဦးစန်းမောင်၊ ဦးကံသိန်း၊ ဦးပေါ်ဦး၊ ဒေါ်ရင်ရွှေ၊ ကိုမောင်မောင်၊ ဒေါ်မုန်းတင်၊ ကိုနေလင်းအောင်နှင့် ကိုဝမ်ယု တို့၏ နေအိမ်များဖြစ်ကြောင်း သိရှိရသည်။
Photo – စစ်ကိုင်းတိုင်းအတွင်း စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်