ခမ်းပတ်မြို့ပေါ် ရဲစခန်းနှင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးများဖြင့် လူနေရပ်ကွက်ကို ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ပေါ် ရဲစခန်းနှင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် လူနေရပ်ကွက်ကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇူလိုင်လ ၂၂ ရက် ည ၈ နာရီခန့်ကစတင်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ခမ်းပတ်မြို့ပေါ် ရဲစခန်းနှင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျည်များ ခမ်းပတ်မြို့၊ အမှတ် ၁ ရပ်ကွက်၊ RC ဘုရားကျောင်းရှေ့ရှိ နေအိမ်တစ်လုံးကို ထိ မှန်ပြီး ပြည်သူ အမျိုးသား ၁ ဦးသေဆုံးကာ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
“ဇူလိုင်လ ၂၂ ရက်နေ့ ည ၈ နာရီကစပြီး ခမ်းပတ်မြို့မှာ ဒေသ PDF တပ်ပေါင်းစုတပ်ဖွဲ့က ရဲစခန်းနဲ့ တပ်ကုန်းကို တိုက်နေပြီ၊ လက်ရှိအခြေအနေအထိတော့ပစ်နေကြတုန်းပဲ၊ ပြည်သူတွေထိခိုက်မှုရှိတယ် လို့တော့မကြားသေးဘူး၊ အခြေအနေက သေချာမသိရသေးဘူး။ စစ်ပွဲက ပစ်နေကြတုန်းမို့ပါ၊ မအလ ဘက်က ဒေသ PDF ၂ ဦးကို ဖမ်းထားလို့ ဟိုဘက်က ပြန်လွှတ်ပေး၊ ပြန်လွှတ်မပေးရင်ပစ်မယ်လို့ ပြောထားတာပါ၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံရပြီးနောက် ရဲစခန်းအနီးနေထိုင်သော မိဘပြည်သူများ အနေဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကြိုတင် ကြေညာအသိပေးထားကြောင်း သိရသည်။