26 C
Yangon

ဦးဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ အပါ အဝင် အာဇာနည်များ၏ ပေးဆပ်မှု အချည်းအနှီး မဖြစ်စေရန် တော်လှန်ရေး ခရီးအဆုံး ချီတက်မည်ဟု ယာယီသမ္မတ ပြောဆို

Must read

ဦးဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ အပါ အဝင် အာဇာနည်များ၏ ပေးဆပ်မှု အချည်းအနှီး မဖြစ်စေရန် တော်လှန်ရေး ခရီးအဆုံး ချီတက်မည်ဟု ယာယီသမ္မတ ပြောဆို

ရန်ကုန်၊ ဇူလိုင် ၂၃

ဦးဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ အပါ အဝင် ကျဆုံးခဲ့ရသည့် အာဇာနည်များ၏ ပေးဆပ်မှု အချည်းအနှီး မဖြစ်စေရန် စစ်အာဏာရှင် တော်လှန်ရေး ခရီးအဆုံးအထိ ချီတက်မည်ဖြစ်ကြောင်း နိုင်ငံ တော် ယာယီ သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာ်သော်(ခ)မောင်ကျော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုး အောင်တို့ကို ကြိုးပေးကွပ်မျက်ခဲ့သည့် နှစ်ပတ်လည်နေ့အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီ သမ္မတ ဒူဝါလရှီးလ က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စု၏ နည်းလမ်းပေါင်းစုံဖြင့် ညှင်းပန်းနှိပ်စက်နေသည့်ကြားမှ တော်လှန်ရေးအတွက် အားတင်းရုန်းကန်နေကြသော နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများနှင့် စွန့်လွှတ်အသက်ပေးလှူ ကျ ဆုံးခဲ့ရသော သူရဲကောင်းအပေါင်းတို့၏ ပေးဆပ်မှုများမှာ အချည်းနှီးဖြစ်၍မရပဲ တော်လှန်ရေးတပ်သား အားလုံးနှင့် ပြည်သူလူထုကြီးတစ်ရပ်လုံးက လေးလေးနက်နက်တန်ဖိုးထားကာ နှလုံးသွင်းပြီး အာဇာ နည်၊ သူရဲကောင်း အ‌ပေါင်းတို့ မျှော်မှန်းလျှောက်လှမ်းခဲ့ကြသည့် တော်လှန်ရေး ပန်းတိုင်ကို ရောက်ရှိ ပိုင်ဆိုင်ရသည် အထိ ဆက်လက် ချီတက်ကြရန် နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းထား သည်။

“ဒီလို အကြမ်းဖက် စစ်အုပ်စုက နည်းပေါင်းစုံနဲ့ နှိပ်စက် ညှင်းပမ်းနေတဲ့ကြားက တော်လှန်ရေး အတွက် အားတင်း ရုန်းကန်နေကြတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းတွေရဲ့ စွန့်လွှတ်မှုတွေနဲ့ ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ကိုဖြိုးဇေယျာသော် (ခ) ကိုမောင်ကျော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ အပါအဝင် ကျဆုံးခဲ့ကြရတဲ့ အာဇာနည် သူရဲကောင်း အပေါင်းတို့ရဲ့ ပေးဆပ်မှု တွေဟာ အချည်းအနှီး ဖြစ်လို့မရကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ ကျဆုံးခဲ့ကြတဲ့ အာဇာနည်တွေ၊ သူရဲကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကို ကျွန်တော် အပါအဝင် တော်လှန်ရေး တပ်သား အားလုံးနဲ့ ပြည်သူလူထု တစ်ရပ်လုံးက လေးလေးနက်နက် တန်ဖိုးထား နှလုံးသွင်းကြဖို့ လိုပါတယ်။ ဒါ့အပြင် အာဇာနည်၊ သူရဲကောင်း အ‌ပေါင်းက မျှော်မှန်းလျှောက်လှမ်းခဲ့ကြတဲ့ တော်လှန်ရေး ပန်းတိုင်ကို ရောက်ရှိပိုင်ဆိုင်ရတဲ့အထိ ဆက်လက် ချီတက်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင် စနစ်အပါအဝင် အာဏာ ရှင်စနစ်ပေါင်းစုံကို ဖယ်ရှားပြီး အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အမြန်ဆုံး ရောက်ရှိ‌အောင် တော်လှန်ရေး အင်အားစု အားလုံးနဲ့ တော်လှန်ရေး တပ်သား အားလုံးက ညီညီညွတ်ညွတ် ချီတက်ကြဖို့ အထူး တိုက်တွန်းလိုပါတယ်။ ပြည်သူလူထု အနေနဲ့ကလည်း တော်လှန်ရေးရဲ့ နိုင်ရာ ကဏ္ဍအသီးသီးမှာ ဆက်လက် ပါဝင်ပူးပေါင်း အား‌ဖြည့် ပေးကြပါလို့ အနူးအညွတ် မေတ္တ ာရပ်ခံအပ်ပါတယ်”ဟု ယာယီသမ္မတက ပြောဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်အုပ်စုက နိုင်ငံတော် အာဏာ အရပ်ရပ်ကို လက်နက်အားကိုးဖြင့် အဆင်အခြင်မဲ့ လုယူခဲ့ပြီးနောက် အဓမ္မ ဖမ်းဆီး အကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသား သူရဲကောင်း ဦးရေကလည်း (၂) သောင်းကျော်နေပြီ ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထု အပေါ် အကြမ်းဖက်နည်းပေါင်းစုံဖြင့် ရက်ရက်စက်စက် နှိပ်စက် တိုက်ခိုက်ခဲ့သဖြင့် ကျဆုံးခဲ့ရသော အပြစ်မဲ့ အရပ်သား ပြည်သူ မြောက်များစွာ ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ် ၊ ၄၄ လမ်း၌ အကြမ်းဖက် စစ်အုပ်စု၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် တိုက်ပေါ်မှ ခုန်ချပြီး အဆုံးစီရင်အသက်ပေးသွားခဲ့သည့် မဝေဝေမြင့် အပါအ ဝင် သူရဲကောင်း လူငယ် ၅ ဦး ကိုလည်း အောက်မေ့သတိရကြောင်း၊ ထို့အတူ တော်လှန်ရေးကြီး၏ နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျရာတာဝန်များကို ထမ်းရွက် သယ်ပိုးရင်း အသက်ပေးလှူခဲ့ကြသည့် အညတရ အာဇာနည် ရဲဘော်များလည်း များစွာ ရှိခဲ့ဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလ ထည့် သွင်း ပြောကြားထားသည်။

“တော်လှန်ရေးကာလ တလျှောက်လုံးမှာ အကြမ်းဖက် စစ်အုပ်စုဟာ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်း သားတွေကို ရက်ရက်စက်စက် နှိပ်စက်ညှင်းပမ်းနေတာတွေကို ကြားသိနေခဲ့ကြရ ပါတယ်။ အခု လပိုင်းတွေ အတွင်းမှာဆိုရင် အကြမ်းဖက် စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို ပိုမို ဆိုးဝါးစွာ နှိပ် စက်နေ သလို ကြက်ကလေး ငှက်ကလေးပမာ သဘောထားပြီး သတ်ချင်သလို သတ်ဖြတ်နေတာတွေနဲ့ အကျဉ်းထောင်အတွင်းက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို အကြောင်းပြချက်မရှိ ပြန် လည်ဖမ်းဆီးတာတွေ၊ သတ်ဖြတ်နေတာတွေကို ဆက်တိုက် ကျူးလွန် နေလျက်ရှိပါတယ်။ ဒါဟာ နိုင်ငံ ရေး၊ စစ်ရေး၊ နိုင်ငံတကာရေး အဘက်ဘက်က အကြပ်အတည်း ဆိုက်လာတဲ့အတွက် အကြမ်းဖက်စစ် အုပ်စုဟာ အကျဉ်းထောင်အတွင်းက ပြည်သူ့သူရဲကောင်း နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံသဖွယ် အငြိုးထား ရက်စက်လာတဲ့ သဘောဖြစ်ပါတယ်။”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်တော်လှန်ရေး သစ္စာအဓိဌာန်အတိုင်း ဆက်လက်အရှိန်အဟုန် မြှင့်တင်ကာချီတက်သွားမည်ဟု နွေဦးတော်လှန်ရေးကာလကြီးအပါအဝင် တော်လှန်ရေးအဆက်ဆက် က ကျဆုံးခဲ့သည့် အာဇာ နည်၊ သူရဲကောင်းအပေါင်းကို ဦးညွှတ်အလေးပြုကာ နိုင်ငံတော်သမ္မတကြီး ဒူဝါလရှီးလက ကတိသစ္စာပြုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article