ခင်ဦးဆေးရုံ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ မြောင်ရှိ ကျောက်ရစ် ရဲစခန်းကို ၇၉ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Mandalay People Rescue(MPR) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၉ နာရီခန့်က ခင်ဦးဆေးရုံ၌ အထိုင်ချတပ်စွဲထားသော စစ်သား၊ ပျူစောထီးများကို ရက်ဆက်တိုက် စောင့်ဆိုင်းပြီး အခွင့်အရေးရသည်နှင့်တပြိုင်နက် လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Mandalay People Rescue(MPR) နှင့် Zrmed Revolutionary Force K.U(ARF ခင်ဦး)အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ လက်နက်ငယ်များ၊ စက် လက်များဖြင့် ပြန်လည် ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ၇၉ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TGR Woman Drone Force ထံမှ သိရသည်။
ယမန်နေ့ဇူလိုင်လ ၂၂ ရက်နေ့လည် ၁၁ နာရီခွဲခန့်က အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးပူးပေါင်းထား သည့် ကျောက်ရစ်အထိုင်စခန်းအား ၇၉ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထို့သို့ ပစ်ခတ်ပြီးနောက် ကင်းပုန်းဝပ်နေ သော အကြမ်းဖက်စစ်သားများနှင့် ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ် တိုက်ခိုက် ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားထိခိုက် သေဆုံး မှုမသိရသေးကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို T.G.R People Defense Force ၊ T.G.R Women Drone Force စစ်ကိုင်းခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၆ တပ်ခွဲ ၃၊ အညာမြေ (ကျောက်ပန်းတောင်း)၊ မြောင်မြို့ နယ် ပကဖ အင်အားစု နှင့်အခြားဒေသ မဟာမိတ်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။