KNU တပ်မဟာ ၃ နယ်မြေရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး
ရန်ကုန်၊ ဇူလိုင် ၂၃
KNU တပ်မဟာ ၃ နယ်မြေရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။
ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ KNU တပ်မဟာ ၃ နယ်မြေရှိ မူးမြို့နယ်၊ ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၃၀၆ တပ်တို့က လက်နက်ကြီး ၇၄ လုံးကျော် ပစ်ခတ်ခဲ့ပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ဆောထိမြို့နယ်တွင် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ညောင်လေးပင်အခြေစိုက် ခမရ-၂၀ နှင့် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ က ပုဇွန်မြောင်းကျေးရွာနှင့် တော်ဝိကျေးရွာမှနေ၍ ကောက်မယ့်သူကျေးရွာ၊ ချုံအင်းကျေးရွာ အတွင်းကို လက်နက်ကြီး ၃၅ လုံး ထက်မနည်းပစ်ခတ်ခဲ့ပြီး နံနက် ၁၀ နာရီခွဲမှစ၍ ကောက်မယ့်သူ၊ ချုံအင်းနှင့် ပန်းတင်ကုန်း ကျေးရွာသို့ လက်နက်ကြီး ၁၄ လုံး ထပ်မံပစ်ခတ်ခဲ့သည့်အပြင် ခမရ-၂၀ က ပုဇွန်မြောင်းမှနေ၍ ညောင်ပင်ကြီးရွာဟောင်းကျေးရွာသို့ လက်နက်ကြီး ၃ လုံး ထပ်မံပစ်ခတ်ခဲ့ကာ ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
မူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အုတ်ဖြတ်တံတား စခန်းမှ ဇူလိုင်လ ၂၁ ရက် နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ၁ လုံးမှာ သမန်းကျင်းကျေးရွာ၊ သင်္ချိုင်းနားရှိ လယ်ကွင်းတွင် ကျရောက်ပေါက်ကွဲသောကြောင့် စပါးပေါင်းနုတ်သူ ၂ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို ၂ ဦးမှာ ကြက်တက် ညောင်ပင် အနောက်ဘက်ကမ်းကျေးရွာသား အသက် ၃၅ နှစ်အရွယ် ကိုစိုးသူ နှင့် အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးထက်ဦးတို့ဖြစ်ကြောင်း၊ ဇူလိုင်လ ၂၂ ရက် နေ့ညတွင် နတ်သံကွင်းမြို့၌ ပြည်သူ ၁ ဦး၏ နေအိမ် ၁ လုံးထဲကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
လယ်ဒိုမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲခန့်၌ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ က သူဌေးကုန်းမီးရထားဘူတာမှနေ၍ ကျေးရွာများ အတွင်းကို လက်နက်ကြီး ၁၅ လုံး ပစ်ခတ်ခဲ့ပြီး နွားရေချောင်းကျေးရွာနှင့် ချွဲတလဲကျေးရွာ အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကာ ချွဲတလဲကျေးရွာမှ အသက် ၄၆ နှစ်အရွယ် နော်အေးဆေးဖော ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၅၂ မိနစ်ခန့်တွင် ရေတွင်းကုန်းကျေးရွာသို့ လက်နက်ကြီး ၂ လုံးနှင့် ချွဲတလဲကျေးရွာသို့ လက်နက်ကြီး ၃ လုံး ထပ်မံ ပစ်ခတ်ခဲ့ပြီး ည ၉ နာရီ ၅၄ မိနစ်ခန့်တွင် ငဖယ်အင်းကျေးရွာသို့ လက်နက်ကြီးထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ငဖယ်အင်းကျေးရွာမှ အသက် ၄၂ နှစ်အရွယ် စောဝါးဂေ၊ အသက် ၃၆ နှစ်အရွယ် နော်အယ်ဆဲနေမူးနှင့် အသက် ၁၂ နှစ်အရွယ် စောအယ်စယ်ထူးတို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
KNU တပ်မဟာ ၃ နယ်မြေတွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာပေါင်း ၇၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများလည်း ရှိသောကြောင့် ကျေးရွာပေါင်း အရေအတွက်နှင့် လူဦးရေစာရင်းကို အတည်ပြုလုပ်ဆောင်နေဆဲဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။


