32 C
Yangon

ငွေစက္ကူအသစ် နှစ်သောင်းတန် ဂယက်ကြောင့် ပြည်တွင်းကားစျေးကွက်တွင် ကားတစ်စီး၏ အခြေခံစျေးနှုန်း သိန်း ၄၀၀ ကျော်အထိ ခုန်တက်

Must read

ငွေစက္ကူအသစ် နှစ်သောင်းတန် ဂယက်ကြောင့် ပြည်တွင်းကားစျေးကွက်တွင် ကားတစ်စီး၏ အခြေခံစျေးနှုန်း သိန်း ၄၀၀ ကျော်အထိ ခုန်တက်

ရန်ကုန်၊ ဇူလိုင် ၂၄

အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့မှစတင်၍ ငွေစက္ကူအသစ် နှစ်သောင်းတန်များ ထုတ်ဝေမည်ဟု ကြေညာလိုက်ရာ ယင်းကြေညာမှုကြောင့် ပြည်တွင်းကားစျေးကွက်တွင် ကားတစ်စီး၏ အခြေခံစျေးနှုန်းများမှာ ငွေကျပ် သိန်း ၄၀၀ ကျော်အထိ ခုန်တက်သွားကြောင်း ရန်ကုန်ကားစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပြည်တွင်းကားစျေးကွက်တွင် ကားစျေးနှုန်းများ တရိပ်ရိပ်မြင့်တက်ခဲ့ပြီး အမြင့်ဆုံးစျေးတွင် တည်ရှိနေရာမှ ယမန်နေ့ ငွေကျပ် နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမည့်သတင်းကြောင့် အရောင်းပိတ်မှုများ၊ ကားဝယ်ယူမှုများ ပိုမို ကောင်းမွန်လာရာ ကားတစ်စီး၏ အခြေခံစျေးနှုန်းမှာလည်း သိန်း ၄၀၀ ကျော်တွင် ရှိနေကြောင်း ရန်ကုန်ကားဝယ်ရောင်း စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

“ကားစျေးကတော့ မနေ့က လန့်တက် တက်တယ်။ အခုရောင်းလိုက်ပြီး ပြန်ဝယ်ရင် အဲဒီစျေးမရတော့ဘူး။ ပုံမှန်ဆိုရင် ကားတစ်စီး အခြေခံ စျေးနှုန်းက သိန်း ၂၅၀ ကျော်လောက်ကနေစတာ။ အခုတော့ ကားတစ်စီး အခြေခံစျေးနှုန်းက သိန်း ၄၀၀ လောက်တက်ခေါ်နေကြပြီ။ အပျိုပေါက်(ပရိုဘောက်) နံပါတ်အဟောင်းတန်း ၂၀၀၉ မော်ဒယ် F တန်းလောက်ကိုတောင် ၄၂၀ လောက်ခေါ်ကုန်ကြပြီ။ ဆူဇူကီး ဆီးရက်တို့ အာတီဂါတို့ကတော့ သိန်း ၇၀၀၊ ၈၀၀၊ ၉၀၀၊ ၁၀၀၀ ကျော်ကုန်ပြီ။ နံပါတ်အသစ်ဆိုရင် သိန်းထောင်ကျော်ဖြစ်ကုန်ပြီ။ ကားစျေးကတော့ ဒီရက်ပိုင်းထဲ ပိုတက်ဖို့ပဲရှိတယ်” ဟု ရန်ကုန်တိုင်းမော်တော်ယာဉ်ဝယ်ရောင်း လက်ကြီးသမားတစ်ဦးက ဆိုသည်။

ကားစျေးကွက်တွင် လက်ရှိစျေးကွက်ပေါက်စျေးဟု မရှိတော့ဘဲ ကား၏ ကြံ့ခိုင်ကောင်းမွန်မှု၊ စျေးကွက်တန်းဝင်မှု၊ နံပါတ်နှင့်မော်ဒယ်တို့ကိုလိုက်၍ ကြိုက်စျေးဖွင့်ရောင်းချကြောင်း၊ မော်တော်ယာဉ်များသည် မခိုင်မာသော ကျပ်ငွေကို တန်ဖိုးမြှုပ်နှံရာ စျေးကွက်ဖြစ်လာကြောင်း၊ အဓိက အားဖြင့် ပြည်ပမှ လူသုံးများသော တစ်ပတ်ရစ်ဂျပန်ကားများ တင်သွင်းမှု ပိတ်ပင်ထားမှုနှင့် သီလဝါရှိ ဂျပန်ကားစက်ရုံများက ကားများ ထုတ်လုပ်မှု အကန့်အသတ်မရှိ ရပ်နားထားခြင်းတို့ကြောင့် ကားစျေးကျရန် လမ်းမမြင်ကြောင်း၊ ငွေကျပ် နှစ်သောင်းတန် ဂယက်ကြောင့် ကားစျေးကွက် စျေးနှုန်းများ ထပ်မံ မြင့်တက်ဦးမည်ဖြစ် ကြောင်း ကားစျေးကွက်ကျွမ်းကျင်သူများက ဆိုကြသည်။

“ရွှေစျေးကွက်၊ ဒေါ်လာစျေးကွက်မှာ အဖမ်းအဆီးများတော့ အဖမ်းအဆီး နည်းတဲ့ ကားစျေးကွက်ဘက်ကို လှည့်လာကြတာ။ ကားစျေးကွက်ကလည်း Supply က ပိတ်ဆို့ထားတော့ ရှိတဲ့ကားလေးတွေကိုပဲ ပြန်သပြီး စီးပွားရေး စျေးကွက် ပုံစံနဲ့ ရောင်းကြ၊ ဝယ်ကြတယ်။ တကယ်တော့ ကားစျေးကွက်က ပေါ်လစီ တစ် ခု ချိန်းရင်တော့ အကုန်ဂွမ်းမှာပဲ။ ပေါ်လစီကလည်း ချိန်းဖို့တော့ မမြင်ဘူး။ စစ်တပ်မှာလည်း ဒေါ်လာမရှိသလို ၊ဝင်ငွေဒေါ်လာကလည်းနည်းတော့ ကားတင်သွင်းမှုကို ဖွင့်ပေးမှာ မဟုတ်တာသေချာနေတယ်။ ကားစျေးကွက်မှာ ကားစျေးနှုန်း တအားထိုးတက်တာက စီးပွားရေးဆန်ဆန် ရင်းနှီးမြှုပ်နှံပြီး ဝယ်ရောင်း လှောင်ကြတာက အဓိကပဲ” ဟု ရန်ကုန်ကားစျေးကွက်မှ လက်ကြီး စီးပွားရေးသမားက ဆိုသည်။

လက်ရှိကားစျေးကွက်တွင် Honda Fit GE 6 နယ်လိုင်စင် 2009 နံပါတ် I တန်းဆိုလျှင် ငွေကျပ် သိန်း ၅၈၅ သိန်း၊ ရွှေငါး အင်ဂျင်ပါဝါ 2.0 2002/2003 နံပါတ်အမြင့်ဆိုလျှင် ငွေကျပ် သိန်း ၈၀၀ ကျော်၊ ဆူဇူကီး အာတီဂါ နောက်ဆုံးနံပါတ် S တန်းဆိုလျှင် ငွေကျပ် သိန်း ၁၄၀၀ ဝန်းကျင် စသည်ဖြင့် စျေးပေါက်နေပြီး ခရိုနီနှင့်ငွေကြေးတတ်နိုင်သူများ စီးနင်းကြသည့် ဘယ်မောင်း နောက်ဆုံးနံပါတ်ကားများ သိန်းထောင်ပေါင်းများစွာ စျေးပေါက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်ရှိ ကားအရောင်းစင်တာတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article