မြဝတီမြို့နယ်၊ လက်ခတ်တောင်နှင့် တာဝါတိုင်ကုန်း တိုက်ပွဲတွင် တပ်ဆုတ် အမိန့်မရဘဲ ဆုတ်ခွာလာသည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးကို စစ်တပ်က ဖမ်းဆီး ထောင်ချ
ရန်ကုန်၊ ဇူလိုင် ၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်ဘုရားကုန်းနှင့် တာဝါတိုင်စခန်း တိုက်ပွဲတွင် တပ်ဆုတ် အမိန့်မရဘဲ ဆုတ်ခွာလာသည့် ခမရ ၂ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ထောင်ချထားကြောင်း သိရသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၂၁ ရက် နံနက် ၅ နာရီခန့်က အကြမ်းဖက် စစ်တပ် အတွက် စစ်ရေးဗျူဟာအရ အချက်အချာ ကျသော လက်ခတ်တောင်ဘုရားကုန်းနှင့် တာဝါတိုင် စခန်းကုန်းကို ဗိုလ်ဒါဘောဦးဆောင်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၆ ၊ KNLA – ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ခတ်တောင်ဘုရားကုန်းနှင့် တာဝါတိုင်စခန်းကုန်းကို အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ ခမရ−၂ တပ်ရင်း နှင့် ခမရ−၁၁၈ တပ်ရင်း ၂ ရင်းတို့မှ အင်အား ၆၀ ခန့်ဖြင့် နေရာယူ တပ်စွဲ ထားခြင်းဖြစ်ပြီး စခန်းသိမ်းပိုက်ခံရမှုအတွင်း ဆုတ် အမိန့်မရဘဲ တပ်ဆုတ်ခဲ့သည်ဟု ဆိုကာ ခမရ−၂ မှ တပ်ရင်းမှူး အာကာအောင် နှင့် ဒုတပ်ရင်းမှူး ကျော်သူမောင်တို့ ၂ ဦးကို အကြမ်းဖက် စစ်တပ်က အာဏာဖီဆန်မှုဖြင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ အကျဉ်းထောင်၌ အပြစ်ပေး ထောင်ချထားကြောင်း KNLA – ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော၏ ပြောကြားချက်ကို ကိုးကား၍ ဒူးပလာ ယာခရိုင် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ယင်း စခန်းသိမ်းတိုက်ပွဲအတွင်း ဆက်သွယ်ရေး စက် ၁ လုံး၊ 60 mm ကျည် ၁၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ ကားမိုင်း ၉ လုံး၊ Jammer စက် ၂ လုံး၊ မိုင်းရှာစက် ၂ လုံး၊ စက်လက်ပြောင်း ၁ ပြောင်း၊ ကွန်မန်ဒို ၆၀ မမ ပြောင်း ၂ လက်၊ ၄၀ မမ ကျည် ၉ လုံး၊ G3 ကျည်ဘောက် ၄ ခု၊ MA ကျည်ဘောက် ၂ ဘောက်၊ စစ်ခမောက် ၈ လုံး၊ RPG ပို့ယမ်း ၃ တောင့်၊ RPG သီး ၁ လုံး၊ ၇ ဒသမ ၆၂ ကျည် ၁၈၈၀ တောင့် နှင့် ၅ ဒသမ ၅၆ ကျည် ၃၀၂ တောင့်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။