ကျောက်တံခါးမြို့နယ်၊ နံဇရွာထိပ်၌ စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇူလိုင် ၂၆
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇရွာထိပ်၌ အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၂၅ ရက် ည ၉ နာရီခန့်တွင် အင်အား ၄၀ ကျော်ပါ ကားအကြီးတစ်စီး၊ ဘေးတွဲ နှစ်စီးဖြင့် ကျောက်တံခါးမြို့မှ နံဇရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သားများကို ရှေ့ထွက်မိုင်း ဆွဲပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးထက်မနည်းသေဆုံးပြီး အခြား အဆင့် ၇ ဦးကို ကျောက်တံခါးဆေးရုံမှ တောင်ငူဆေးရုံသို့ အတွင်းလူနာအဖြစ် လွှဲပြောင်းပို့ဆောင် ထားရကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အသုံးပြုသော BA 94 သေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ကျောက်တံခါးမြို့ပေါ်က ထွက်လာတာဗျ၊ ရှေ့ထွက်မိုင်းက အနီးကပ်ကြီးဆွဲလိုက်တာ၊ ကျန်တဲ့ဒဏ်ရာ ရတဲ့သူတွေကလည်း တောင်ငူဆေးရုံကို အတွင်းလူနာအဖြစ်ပို့တယ်ဆိုတော့ သေမှာပဲ၊” ဟု ကျောက်တံ ခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။
ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းတွင်လည်း ရေတွင်းကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်၏ လူနာတင်ယာဉ်များ ရောက်ရှိနေကြောင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သား၊ ရဲများ အနေဖြင့် လက်နက်ချအညံ့ခံရန်နှင့် လက်နက်နှင့်ဆက်စပ်ပစ္စည်းများ ယူဆောင်လာပါက ထိုက်သင့် သော ဆုကြေးငွေများပေးအပ်မည်ဖြစ်ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ က ထုတ်ပြန်ထားသည်။