ဒုက္ခရောက်နေတဲ့ ပြည်သူကို သောကတွေ ထပ်ပေးမယ့် ဗေဒင်ယတြာယောင်ယောင် နှစ်သောင်းတန် ငွေစက္ကူအသစ်
By လမ်းသစ်
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဆိုတာ မြန်မာပြည်သူတွေ အတွက်တော့ တကယ့်ကို ဂြိုလ်မွှေတဲ့ လူယုတ်အုပ်စု သက်သက်ပါပဲ။ အခုလည်း ယတြာလိုလို အစီအမံလိုလိုနဲ့ အမှတ်တရ ထုတ်ဝေမယ်ဆိုတဲ့ ၂သောင်းတန် ငွေစက္ကူကြောင့် မြန်မာတစ်ပြည်လုံး အုတ်အော်သောင်းနင်း ဖြစ်နေကြရပြန်ပါပြီ။
ဆင်ဖြူတော် တစ်နှစ်ပြည့် မွေးနေ့နဲ့ မင်းအောင်လှိုင် တည်တဲ့ မာရဝိဇယ ဘုရားဆင်းတု ပြီးစီးမှုအထိမ်းအမှတ် အဖြစ် ငွေကျပ် ၂သောင်းတန်တွေကို ဇူလိုင် ၃၁ရက်မှာ စတင်ထုတ်ဝေမယ်လို့ ကြေညာလိုက်ပါတယ်။
၂သောင်းတန် ငွေစက္ကူတွေ ဈေးကွက်ထဲကို ရောက်မလာသေးပေမယ့် ဘာလုပ်လို့ ဘာကိုင်ထားရမှန်းမသိတဲ့ ပြည်သူတွေရဲ့ ရင်ထဲကိုတော့ သောကမီးတွေ ရောက်နှင့်နေပါပြီ။
မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကြီးတွေ ရပ်ဆိုင်းပြီး ထပ်ဝင်မလာကြတော့သလို ကုန်ထုတ်လုပ်မှုလျော့နည်းပြီး ပို့ကုန်ဝင်ငွေနည်းလာတာတွေ၊ နိုင်ငံတကာ အကူအညီနဲ့ ချေးငွေတွေ ရပ်ဆိုင်းခံရတာတွေအပါအဝင် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီဟာ ဘဏ္ဍာငွေ လိုအပ်ချက်တွေ များစွာရှိနေပါတယ်။
ငွေကြေးအသစ် ရိုက်ထုတ်တာဟာ အစိုးရအသုံးစရိတ် ငွေလိုအပ်တာ၊ ပြည်ပကြွေးမြီတွေ များနေတာကို ဖော်ပြနေတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။ နောက်ဆက်တွဲအနေနဲ့ မြန်မာငွေ တန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်း အဆမတန် တက်လာနိုင်ချေ ရှိနေပါတယ်။
ဆန်နဲ့ ဆီလိုမျိုး အခြေခံ စားသောက်ကုန်တွေ ဈေးတက်မှာစိုးရိမ်ပြီး အခုကတည်းက ကြိုဝယ်ကြသူတွေလည်း ရှိနေပါတယ်။
၂သောင်းတန် ငွေစက္ကူ ထုတ်မယ်လို့ မကြေညာခင်ကတည်းက စစ်အာဏာသိမ်းမှုကြောင့် တန်ဖိုးကျဆင်းလာတဲ့ မြန်မာကျပ်ငွေကို အများစုက လက်ဝယ်ထားရှိတာထက် ရွှေ၊ ဒေါ်လာ၊ ကား၊ အိမ်ခြံမြေ စတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ များပြားလာခဲ့ပါတယ်။
ဒါပေမယ့် ငွေစက္ကူအသစ် ထုတ်ဝေမယ်ဆိုတဲ့ သတင်း ဇူလိုင်လ ၂၃ရက်မှာ ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပဲ အဲ့ဒီဈေးကွက်အားလုံး ငြိမ်သက်ပြီး အရောင်းအဝယ်တွေ ယာယီရပ်ထားကြပါတယ်။ ၂သောင်းတန် ငွေစက္ကူသတင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းဟာ ချက်ချင်းဆိုသလို အဆမတန် ခုန်တက်သွားခဲ့ပါတယ်။
ဒီသတင်းကို ကြိုသိထားပုံရတဲ့ စစ်တပ်က ကတော်တွေနဲ့ ဆွေမျိုးနီးစပ်တွေကတော့ သတင်းမထွက်ပေါ်ခင် တစ်ရက်မှာပဲ အခေါက်ရွှေတွေ ကြိုဝယ်ထားကြတယ်လို့ ပြောကြပါတယ်။
ရွှေလုပ်ငန်းရှင်အသင်းကတော့ ရွှေဈေးနှုန်း တည်ငြိမ်အောင် ရွှေကုန်သည်တွေနဲ့ ရွှေဆိုင်တွေ ပူးပေါင်းလုပ်ဆောင်ပေးကြဖို့ ပန်ကြားချက်တွေ ထုတ်နေပါတယ်။
ပြည်တွင်း ကားဈေးကွက်မှာလည်း ကားတစ်စီးရဲ့ အခြေခံဈေးနှုန်းဟာ သိန်းရာချီ ခုန်တက်သွားတယ်လို့ သိရပါတယ်။ ကားတင်သွင်းမှု ပိတ်ပင်ထားတာတွေ၊ ပြည်တွင်းကားထုတ်လုပ်မှု ရပ်နားထားတာတွေကြောင့် ကားဈေးက ဆက်တက်နေဦးမယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။
အာဏာသိမ်းဖြစ်စဉ်ကြောင့် တန်ဖိုးကျဆင်းသွားတဲ့ မြန်မာကျပ်ငွေကလည်း အခုတော့ ၂သောင်းတန် ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေမယ့် သတင်းကြောင့် အောက်ကို ထိုးစိုက်သွားခဲ့ပါပြီ။ တစ်ဖက်မှာလည်း အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ဈေးတွေ တရိပ်ရိပ် ထိုးတက်နေပါတယ်။
နိုင်ငံခြားငွေ လဲလှယ်မှုမှာ အရောင်းအဝယ် ဖြစ်မနေကြပေမယ့် အမေရိကန် တစ်ဒေါ်လာကို ဝယ်ဈေး ၃၂ဝဝ ကျပ် နဲ့ ရောင်းဈေး ၃၄ဝဝ ကျပ် အထိ ရှိခဲ့ပြီး ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေ ၉၀ ကျပ်အထက်မှာ ရှိနေခဲ့ပါတယ်။
ဒီလို အကျိုးဆက် အခြေအနေဆိုးတွေကြောင့် ပြည်သူတွေရဲ့ အလုပ်အကိုင် ဝင်ငွေ နည်းပါးနေချိန်မှာ အခြေခံစားသောက်ကုန်၊ ဆေးဝါးနဲ့ နေ့စဉ်လူသုံးကုန် ပစ္စည်းတွေပါ ဈေးတက်လာနေတာပါ။
အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ကတော့ အခုလိုအခြေအနေမှာ ကုန်ဈေးနှုန်းတက်အောင် လှုံ့ဆော်သူတွေ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်အောင် လုပ်ဆောင်နေသူတွေကို ပြည်သူ့အကျိုးစီးပွား ပျက်စီးအောင်လုပ်နေသူတွေအဖြစ် ဥပဒေအရ အရေးယူမယ်လို့ ပြောဆိုထားပါတယ်။
ငွေစက္ကူ ၂သောင်းတန် အသစ်ကို အထိမ်းအမှတ်အနေနဲ့ အကန့်အသတ်နဲ့သာ ထုတ်ဝေမှာဖြစ်ပြီး ဟောင်းနွမ်း ငွေစက္ကူတွေနဲ့ တန်ဖိုးတူ လဲလှယ်ပေးမှာ ဖြစ်တာကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးလို့ ဗဟိုဘဏ်က ပြောထားပါတယ်။
လူတစ်ယောက်ကို ၂သောင်းတန် ၃ရွက်သာ လဲလှယ်ပေးမှာဖြစ်ပြီး လဲလှယ်ထားတဲ့ ဟောင်းနွမ်းငွေစက္ကူတွေကို ဖျက်ဆီးပစ်မှာဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဒီလို ဟောင်းနွမ်းငွေစက္ကူတွေကို လဲလှယ်ဖို့အတွက်ဆိုရင် နှစ်သောင်းတန် ထပ်ထုတ်စရာ မလိုဘဲ လက်ရှိသုံးနေတဲ့ တစ်သောင်းတန်ကို ဆက်ထုတ်လို့ ရတယ်။ ဒါဟာ ငွေကြေးအခက်တွေနေပြီဖြစ်တဲ့ စစ်ကောင်စီအနေနဲ့ ပြည်သူကို လိမ်ညာပြောဆိုမှု သက်သက်ပါပဲ လို့ စီးပွားရေး ပညာရှင်တွေက သူံးသပ်ကြပါတယ်။
ဗဟိုဘဏ်အနေနဲ့ လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေကိုလည်း တရားဝင် ဆက်သုံးနိုင်မယ်လို့ ပြောဆိုထားပေမယ့် ဘဏ္ဍာရေးကြပ်တည်းမှုကို လူမိုက်နည်းနဲ့ ဖြေရှင်းတတ်တဲ့ စစ်အာဏာရှင်ဟာ ၅သောင်းတန် ထပ်ပြီး ထုတ်ဝေတာတွေ၊ ငွေစက္ကူဖျက်သိမ်းမှုတွေ လုပ်လာနိုင်တယ်လို့ တချို့သော စီးပွားရေးပညာရှင်တွေက သတိပေးနေတာတွေ ရှိပါတယ်။
စစ်ကောင်စီရဲ့ ကတိစကားကို မယုံကြတာလည်း ယုတ္တိတော့ ရှိပါတယ်။ ၂ဝ၂၁ ခုနှစ် နှစ်ကုန်ပိုင်းက စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ ငွေကျပ် ၂သောင်းတန်နဲ့ ၅သောင်းတန် ငွေစက္ကူအသစ်တွေ ထုတ်ဝေမှာ မဟုတ်ဘူး၊ ဒါတွေဟာ သတင်းအမှားသာဖြစ်တယ်လို့ ကြေညာခဲ့ပေမယ့် အခုတော့ ၂သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။
ဇူလိုင်လ ၃၁ရက်မှာ ထုတ်ဝေမယ်ဆိုတဲ့ ၂သောင်းတန် ငွေစက္ကူအသစ်ဟာ အစိမ်းနုရောင်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ အာဏာမသိမ်းခင်ကလည်း စစ်ယူနီဖောင်းဝတ်စုံကို အစိမ်းနုရောင် ထပ်တိုးအသုံးပြုခဲ့ပြီး ဒါဟာ ဗေဒင်ယတြာအရ ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်တဲ့သဘောနဲ့ ပြုလုပ်ခဲ့တာလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီအပြင် ပုဂ္ဂလိကဘဏ်တွေအပေါ်မှာပါ ယုံကြည်မှုနည်းလာတဲ့ ပြည်သူတွေဟာ ငွေစက္ကူအသစ် ထုတ်ဝေမယ်လို့ ကြေညာပြီး နောက်တစ်ရက်မှာပဲ ဘဏ်ကငွေတွေကို ပြန်လည်ထုတ်ယူနေမှုတွေလည်း ရှိခဲ့ပါတယ်။
ပို့ကုန်ထက် သွင်းကုန်ပိုများတဲ့ မြန်မာနိုင်ငံအတွက် ငွေလဲလှယ်နှုန်းမှာ ကျပ်ငွေတန်ဖိုးကျဆင်းတာဟာ အခြေအနေဆိုးကို တွန်းပို့လိုက်တာဖြစ်ပြီး ငွေစက္ကူအသစ် ရိုက်ထုတ်မှုဟာလည်း ငွေကြေးဖောင်းပွမှုဆီ တိုက်ရိုက်သက်ရောက်စေမယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။
မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာတော့ လာမယ့် စက်တင်ဘာလအထိ ပျမ်းမျှ ငွေကြေးဖောင်းပွမှုဟာ ၁၄ရာခိုင်နှုန်းအထိ ရှိနိုင်သလို စစ်ကောင်စီရဲ့ ဘတ်ဂျက်လိုငွေဟာ ဗဟိုဘဏ်အပေါ် အားကိုးနေမှာဖြစ်လို့ ငွေကြေးဖောင်းပွမှု ဆက်လက်မြှင့်တက်နေနိုင်တယ်လို့ ပြောထားပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ တစ်ကျော့ပြန် အာဏာသိမ်းဖြစ်စဉ်အတွင်း ပြည်တွင်းပဋိပက္ခတွေနဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေဟာ မြန်မာ့စီးပွားရေးကို နလန်ပြန်မထူနိုင်အောင် ထိုးနှက်နေတယ်လို့လည်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။
