မြိတ်မြို့နယ်ရှိ ခလရ ၁၀၃ မှ တပ်ကြပ်ကြီး ၁ ဦး လက်နက်နှင့် အလင်းဝင်လာပြီး ငွေကျပ် ၄၄ သိန်း ချီးမြှင့်
ရန်ကုန်၊ ဇူလိုင် ၂၇
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ခလရ ၁၀၃ မှ တပ်ကြပ်ကြီး ၁ ဦး လက်နက်နှင့် အလင်းဝင်လာပြီး ငွေကျပ် ၄၄ သိန်း ချီးမြှင့်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၂၆ ရက်နေ့တွင် မြိတ်မြို့နယ် အခြေစိုက် ကမ်းရိုးတန်းတိုင်း ဒေသစစ်ဌာနချုပ် (ကရခ) လက်အောက်ခံ ခလရ ၁၀၃ မှ တပ်ကြပ်ကြီး ၁ ဦးသည် ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF မြိတ်ခရိုင် တပ်ရင်း အမှတ် ၃ ကို လက်နက်နှင့် တကွ ပြည်သူ့ဘက် ပူးပေါင်းလာသည့် အတွက် ငွေကျပ် ၄၄ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်ကြပ်ကြီးသည် MA 3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ 5.56 ကျည် ၃၁၇ တောင့်တို့ ယူဆောင်လာကြောင်း၊ ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုခြင်း(သို့) တပ်တွင်းသတင်းပေး ဖရဲသီး အဖြစ် ရပ်တည်လိုသော တပ်မတော်သားများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ တပ်ရင်းများ/စစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို ဆက်သွယ်၍ သော်လည်းကောင်း၊ ပြည်သူ့ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သွယ် ချိတ်ဆက်နိုင်ကြောင်း သိရှိရသည်။
အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ပူးပေါင်းလာမှုများကို လက်ကမ်းကြိုဆိုနေမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။