24 C
Yangon

သားဖြစ်သူ အောင်ပြည့်စုံအတွက် စီးပွားရေး လုပ်ငန်းများ ထောက်ကူ လုပ် ကိုင် ပေးသည့် Authentic ကုမ္ပဏီမှ စစ်အင်ဂျင်နီယာဟောင်း အောင်မျိုး ဟိန်းကို မင်းအောင်လှိုင်က ဆုချီးမြှင့်

Must read

သားဖြစ်သူ အောင်ပြည့်စုံအတွက် စီးပွားရေး လုပ်ငန်းများ ထောက်ကူ လုပ် ကိုင် ပေးသည့် Authentic ကုမ္ပဏီမှ စစ်အင်ဂျင်နီယာဟောင်း အောင်မျိုး ဟိန်းကို မင်းအောင်လှိုင်က ဆုချီးမြှင့်

ရန်ကုန်၊ ဇူလိုင် ၂၈

အကြမ်းဖက် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံအတွက် စီပွားရေး လုပ် ငန်းများ ထောက်ကူ လုပ်ကိုင်ပေး နေသည့် Authentic ကုမ္ပဏီမှ စစ်အင်ဂျင်နီယာဟောင်း အောင်မျိုးဟိန်းကို မင်းအောင်လှိုင်က လူမှုထူးချွန် (ပထမ) အဆင့် ဆုချီးမြှင့် လိုက်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ထောက်ခံသော ဘုန်းကြီးများ၊ စီးပွားရေးသမားများ ၊ တိုက်ပွဲတွင် သေဆုံးသည့် စစ်တပ်အရာရှိနှင့် စစ်ကောင်စီ အမှုထမ်းများကို ဘွဲ့များ ချီးမြှင့်ပေးအပ်ခဲ့ရာတွင် အောင်ပြည့်စုံအတွက် အလုပ်လုပ်ကိုင်ပေးနေသူ စစ်အင်ဂျင်နီယာဟောင်း အောင်မျိုးဟိန်းကိုပါ မင်းအောင်လှိုင်က လူမှုထူးချွန်(ပထမ) အဆင့် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Authentic ဆောက်လုပ်ရေးကုမ္ပဏီသည် စစ်တပ်ပိုင် မိုးကောင်းရတနာဆေးရုံ အပါအဝင် တပ်ဆောက်လုပ်ရေး လုပ်ငန်း၊ ပရောဂျက်များ၊ စီမံကိန်းမျိုးစုံကို ဆောက်လုပ်ခွင့်ရရှိနေပြီး မင်းအောင်လှိုင်မွေးထုတ်သည့် ခရိုနီကုမ္ပဏီ အသစ်တစ်ခုလည်းဖြစ်သည်။

Authentic ကုမ္ပဏီပိုင်ရှင်သည် အောင်မျိုးဟိန်းနှင့် နီနီထွန်းတို့ လင်မယား ဖြစ်ကြပြီး နီနီထွန်းသည် ယခင် သွေးကင်ဆာဖြင့်သေဆုံးသွားသော ဝန်ကြီး ချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ညီဖြစ်သူ ဗိုလ်ချုပ် တင်ထွန်း၏ သမီးဖြစ်ပြီး အောင်မျိုးဟိန်းသည် စစ်အင်ဂျင်နီယာဟောင်းတစ်ဦးလည်းဖြစ်သည်။

“နီနီထွန်းဆိုတာ ဦးသန်းရွှေလက်ထက်က ဝန်ကြီးချုပ် စိုးဝင်းရဲ့ အမွှာညီ အစ်ကို GE တပ်က အကြီးဆုံး ဗိုလ်ချုပ်တင်ထွန်းရဲ့ သမီးအလတ်ပါ။ စစ်တပ်အသိုင်းအဝိုင်းကပါပဲ။ Authentic ပိုင်ရှင် နီနီတင်ထွန်းက ​​သွေးကင်ဆာနဲ့ ​သေသွားတဲ့ ဝန်ကြီးချုပ်​ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့ အမွှာညီအစ်ကို ​စစ်အင်ယာညွှန်ချုပ် ဗိုလ်ချုပ်တင်ထွန်းရဲ့ သမီး၊ အောင်မျိုးဟိန်းက စစ်အင်ဂျင်နီယာတက္ကသိုလ် DSTA 1st batch ဆင်း။ GE ထွက်၊ ကြာပြီ စီးပွား​ရေးလုပ်​နေကြတာ” ဟု စီးပွားရေးသတင်းရင်းမြစ်က ပြောသည်။

မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ ပိုင် Sky One နှင့် မြန်မာစစ်သူကြီး ကုမ္ပဏီတို့က စစ်တပ် ပရောဂျက်အားလုံးကို ရရှိနေချိန်တွင် Authentic ကုမ္ပဏီကလည်း စစ်တပ်ပိုင် မိုးကောင်းရတနာဆေးရုံ တည်ဆောက်ခြင်း၊ စစ်ကောင်စီ၏ စည်ပင်က ချထားပေးသော ရေနှင့်ရေသွယ်တန်းမှုဆိုင်ရာ ပရောဂျက်စီမံကိန်းများ ရရှိခြင်း အပါအဝင် စစ်တပ်ထံမှ စီမံကိန်းနှင့် လုပ်ငန်းများ စွာ ရရှိနေကြောင်း သိရှိရသည်။

“ဘောက်ထော် စစ်တပ် မှတ်တမ်းရုံးမှာဆိုရင် မိုးကောင်းရတနာဆေးရုံနဲ့ မြ၀တီမီဒီယာစင်တာက တွဲရက်ပဲ။ အဲဒီမှာ မိုးကောင်းရတနာ ဆေးရုံကို Authentic ကဆောက်ခွင့်ရတယ်။ မြ၀တီမီဒီယာစင်တာဆောက်လုပ်ခွင့်ကို Sky One ကရတယ်။ ၂၀၁၇ ခုနှစ်တုန်းက ဖွင့်လှစ်ခဲ့တဲ့ စစ်တပ်ပိုင် ကန်သာယာ ဆေးရုံဆိုတာလည်း Authentic ကပဲ ဆောက် လုပ်ခဲ့တာ။ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်နဲ့ စစ်ကောင်စီ ပရောဂျက်တွေ တော်တော်များကို Authentic က ရနေတယ်။ စစ်တပ်လက်စွဲ ကုမ္ပဏီတစ်ခုဖြစ်လာပြီ” ဟု စစ်တပ်နှင့်ထိတွေ့ဆက်ဆံနေသော စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

Authentic ကုမ္ပဏီကို အင်ဂျင်နီယာ အောင်မျိုးဟိန်းနှင့်နီနီထွန်းတို့က ၂၀၀၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ဆော က် လုပ်ရေး၊ ရေနှင့်ရေတိုင်ကီထုတ်လုပ်ရေး၊ ရေဆိုးသန့်ရှင်းရေးလုပ်ငန်း၊ မိုဘိုင်းလ်ဆက်သွယ်ရေးဝန်ဆောင်မှု၊ ရေပေးဝေရေးနှင့် အကြီးစားရေပိုက်သွယ်တန်းမှုလုပ်ငန်း ၊ ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် သွင်းကုန်နှင့်ကုန်သွယ်ရေးလုပ်ငန်းများ စသည့် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်လျက် ရှိနေကြောင်း၊ Authenticတွင် ဆောက်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် ထုတ်လုပ်ရေးဟူ၍ ကဏ္ဍ ၃ ခုဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိ ကြောင်း သိရှိရသည်။

“သူတို့က စစ်ဗိုလ်ချုပ်တွေနဲ့ အတော် အဆင်ပြေတယ်။ ဦးအောင်မျိုးဟိန်းရော၊ ဒေါ်နီနီထွန်းရောက လူလတ်ပိုင်းတွေပဲ။ နောက်ထပ် မင်းအောင်လှိုင် လက် ထက်မှာ မွေးထုတ်မယ့် ခရိုနီသစ်တွေ ဖြစ်လာမယ့်သူတွေလို့ပဲ ပြောရမလားပဲ။ သန်းရွှေခေတ်မှာ တေဇ၊ အောင်ကိုဝင်း၊ ဇော်ဇော်တို့ ပေါ်ခဲ့သလို မင်းအောင် လှိုင်ကလည်း သူ့လက်ထက်မှာလည်း ခရိုနီအသစ်တွေ မွေးထုတ်ဖို့ လုပ်နေ တယ်လို့ပြောလို့ရပါတယ်။ အောင်ပြည့်စုံကတော့ ထိပ်ဆုံးကပေါ့” ဟု စီးပွားရေး သတင်းရင်းမြစ်က ဆိုသည်။

Authentic ကုမ္ပဏီက ၂၀၂၂ ခုနှစ်၏ အောင်မြင်မှုအဖြစ် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ငွေကျပ် ၁၇ ဘီလီယံတန်ဖိုးရှိ ရေပေးဝေရေ စီမံကိန်းကို လုပ်ကိုင်နိုင်ခဲ့ကြောင်း၊ ရန်ကုန်စည်ပင်၊ မန္တလေးစည်ပင်တို့နှင့် ရေပေးဝေရေး ပရောဂျက်များ တွဲဖက်လုပ်ကိုင် နေကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုကိုလည်း လုပ်ကိုင်နေကြောင်း အဆိုပါကုမ္ပဏီ၏ Websiteတွင် တရားဝင် သတင်းထုတ်ပြန်ထားသည်။

သို့ရာတွင် Authenticကုမ္ပဏီ Website တွင် စစ်တပ်ပိုင် မိုးကောင်းရတနာ ဆေးရုံကို တည် ဆောက်ခြင်း၊ စစ်တပ်ပိုင် ကန်သာယာဆေးရုံကို တည်ဆောက်ခဲ့ခြင်းများ အပါအင် စစ်တပ်နှင့်ပတ်သက် ဆက်စပ် လုပ်ကိုင်နေသော ပရောဂျက်နှင့် စီမံကိန်းများကို လုံး၀ ဖော်ပြခြင်းမပြုဘဲ ချန်လှစ်ထားသည်ကို တွေ့ရသည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် ၎င်း၏ ဆရာ သန်းရွှေ ကဲ့သို့ပင် ခေတ်တစ် ခေတ် ထူထောင်ပြီး ခရိုနီများ မွေးထုတ်ခြင်းကဲ့သို့ စီးပွားရေး လက်ဝါးကြီး အုပ်ခြင်းကို လုပ်ကိုင်လိုစိတ်များ မြင်ရသည်ဟု တပ်သတင်းရင်းမြစ်တချို့က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article