ချောင်းဦးမြို့နယ်တွင် ဒုတပ်ကြပ် ရဲမေတစ်ဦးနှင့် ရဲစခန်း စာရေးမတစ်ဦးကို PDF တပ်များက နေအိမ်ထဲအထိ ဝင်ဖမ်းဆီး၊ ရဲတပ်ဖွဲ့နှင့်မိသားစုဝင်များ လုံခြုံရေး ဂရုပြုကြရန် ညွှန်ကြား ချက်ထွက်
ရန်ကုန်၊ ဇူလိုင် ၂၉
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် ရဲမေတစ်ဦးနှင့် မြို့နယ်ရဲစခန်းမှ စာရေးမတစ်ဦးတို့ကို PDF တပ်များက နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ရဲကြေးနန်းအရ သိရှိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့ ချောင်းဦးမြို့ပေါ် ရပ်ကွက်တွင် နေထိုင်သော ကိုယ်ဝန်ဆောင် ဒုတပ်ကြပ် ရဲမေတစ်ဦးကို PDF တပ်ဖွဲ့ဝင်များက နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားကြောင်း၊ ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း ချောင်းဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စာရေးမကို ရပ်ကွက်ထဲအထိ PDF များက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
“ရဲမေနဲ့စာရေးမက ဆက်တိုက်အဖမ်းခံရတယ်။ စာရေးမကတော့ ရပ်ကွက်ထဲမှာရှိတဲ့ မိဘအိမ်ကို သူ့ကလေးသွားခေါ် နေတုန်း အဖမ်းခံလိုက်ရတာ” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။
ထိုသို့ ရဲမေတစ်ဦးနှင့် စာရေးမတစ်ဦး အဖမ်းခံလိုက်ရသည့်အတွက် ချောင်းဦးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ် စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များကို လုံခြုံရေး အထူးဂရုပြုကြရန် စစ်ကောင်စီဘက်က ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- အမျိုးသမီး ရဲတပ်ဖွဲ့ဝင် တချို့။