မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ရှော့တိုက်ဒုံး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၉
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရှော့တိုက်ဒုံး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း-၁၂ တပ်ခွဲ -၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင် မြောင်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကို မီးရှို့ဖျက်စီးပြီး အနောက်ဘက်သို့ ဆက်လက် ထွက်ခွာလာသော အင်အား ၁၀၀ ခန့် ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရှော့တိုက်ဒုံး ၈ လုံး၊ ၆၀ မမ လက်လုပ် စိန်ပြောင်း ၁၅ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ကျေးရွာ တစ်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးစဥ် တော်လှန်ရေး ရဲဘော်များက ရှော့တိုက်ဒုံး ၃ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးပြီး ၇ ဦးထိခိုက် ဒဏ်ရာ ရရှိကာ ကင်းထောက်ရဲဘော်များမှ တစ်ဆင့် အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။
ယင်းတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ(မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃) ၊ MRA (မြောင်မြို့နယ် တော်လှန်ရေးတပ်)၊ ရန်ရှင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ် နှင့် မုံရွာခရိုင် တပ်ရင်း -၂၇ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။