မင်းတပ်မြို့ပေါ်တွင် စစ်တပ်၏ ကင်းလှည့်ကားကို တိုက်ခိုက်မှု ၇ ဦးသေဆုံး၊ ရွှေဘိုတွင် ကင်းစောင့်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၂ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၃၀
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်၏ ကင်းလှည့်ကားကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သားနှင့် ရဲ ၇ ဦးသေဆုံးခဲ့ကြောင်း Chin DefenceForce – Mindat ထံမှ သိရသည်။
ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်၊ သစ်တောဝိုင်းအနီးတွင် ကင်းလှည့်နေသည့် စစ်သားနှင့် ရဲများ လိုက်ပါလာသော ကား ၁ စီးကို CDF-Mindat က သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးကာ ကင်းလှည့်ကားပေါ်မှ လက်နက်များကိုအခြေအနေအရ သိမ်းဆည်းနိုင်ခြင်းမရှိကြောင်း၊ ဒဏ်ရာရသူများနှင့် သေဆုံးသွားသော ရဲနှင့် စစ်သား အလောင်းများကို ကားဖြင့် ပြန်လည် သယ်ယူသွားကြောင်း Chin DefenceForce – Mindat ကထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စိုက်ပျိုးရေးရုံး၌ ကင်းစောင့်နေသော စစ်သား ၂ ဦးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ရွှေဘိုမြို့စိုက်ပျိုးရေးရုံး၌ ကင်းစောင့်နေသော စစ်သား ၂ ဦးကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း၊ ရွှေဘိုကျားကြီးပျောက်ကြားတပ်ဖွဲ့၊ NaungYoe Army(တပ်ခွဲ ၁)တို့က ပူးပေါင်းပြီး လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော စစ်သားများထံမှ လက်နက် ဝင်ကောက်ရန် ကြိုးစားခဲ့သော်လည်း ကျန်ရှိနေသာ စစ်သားများက ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရပြီး ရဲဘော်များ ထိခိုက်မှု မရှိကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
