ရေတာရှည်တွင် စစ်တောင်းမြစ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြိုင်တွင် ပျူစောထီးကျေးရွာများနှင့် ရဲစခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်း များဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၃၁
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို PDF တပ်များက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ပဲခူး PDF က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၂၈ ရက်နေ့ ည ၉ နာရီအချိန် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအရှေ့ဘက် စစ်တောင်းမြစ်ကြောင်းအတိုင်း လက်ထိုးလှေဖြင့် ကင်းလှည့်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပင့်သီလာရွာနှင့် ဇရစ်ရိုးရွာ အကြား မြစ်အရှေ့တွင် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ နှင့် နေပြည်တော် PDF ပူး ပေါင်း တပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါထိတွေ့တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးကျေးရွာများ၊ ရဲစခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် ယာကြီးပြင်ပျူကျေးရွာကို ဒရုန်း ဖြင့် ဗုံးသီး ၆၈ လုံးခန့်ဖြုတ်ချတိုက်ခိုက်ခဲ့ပြီး ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပျူစောထီးကျေးရွာများတွင် နေထိုင်ကြသော စစ်သား၊ ရဲများနှင့် ပျူစောထီးများ ပြာယာခတ် ပြေးလွှားနေကြပြီး ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် တိုက်ခိုက်မှုကို ရပ်နားခဲ့ကြောင်း သိရှိရသည်။
ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် ပြင်ထောင်ပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး ၁၉ လုံးခန့် ဖြုတ်ချတိုက်ခိုက်ခဲ့ပြီး ရှော့တိုက်ဒုံးဖြင့် ၁၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က ပေါက်အိမ်တွင်းမှုကျောင်းမှလက်နက်ကြီးများဖြင့် အသည်းအသန်ပစ်ကူပေးလျက်ရှိပြီး အနီးအနားရှိကျေးရွာ များ ထိခိုက်မည်ကိုစိုးရိမ်၍ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင် ပစ်ခတ်မှု ကို ရပ်နားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း သိရှိရသည်။
ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန် တပ်ကုန်း၊ ရွာသစ် ၊ ကိုင်းလည်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးသီးစုစုပေါင် ၉၈ လုံး ၊ ရှော့တိုက် ၂၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်က လက်နက်ကြီးလက်နက်ငယ် များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူ့ဘက်တော်သားတော်လှန်ရေးရဲဘော်များမှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အောင်မြင်စွာ ဖြင့် ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ ယခုတိုက်ခိုက်မှုတွင် မြိုင် ပ.က.ဖ ရင်း ၃ ၊ ခွဲ ၅ ၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရခိုင်ပြည်နယ်တွင် လှေဖြင့် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo Credit- Reuters။
