ပခုက္ကူမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၂ ရွာကို တစ်ရက်တည်းမီးရှို့ဖျက်ဆီး
ရန်ကုန်၊ သြဂုတ် ၂
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပခုက္ကူမြို့နယ်ရှိ ဖလံအိုရွာနှင့် ချောင်းခွရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် အတူ ဇီးကုန်း၊ ရှင်မကန်၊ မန်ကျည်းကန်၊ အောင်သာ ကျေးရွာများမှ ပျူစောထီးများလည်းပါဝင်ကြောင်း သိရသည်။
” အခု ချောင်းခွရွာကိုပါ မီးတင်ရှို့နေပါတယ်။ ရွာတောင်ပိုင်းကနေ စရှို့နေတာလို့ သိရတယ်။ ဖလံအို အနောက်ဖက်ရွာက ချောင်းခွရွာပါ နီးနီးလေးပါ ချောင်းပဲခြားတယ်။ ရွာကလူတွေကလည်း မနက်ကတည်းကပြေးနေတာ အခုရွာမှာ လူမရှိတုန်း မီးတင်ရှို့တာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
Photo – မကွေးတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာတစ်ရွာအားတွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)