မြိုင်မြို့မရဲစခန်းနှင့် ပခုက္ကူလမ်းပိုင်းတွင် တောင်းရမ်း ငွေညှစ်နေသော ပျူစောထီးများကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဩဂုတ်လ ၃
မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ မြိုင်မြို့မရဲစခန်းနှင့် ပခုက္ကူလမ်းမပေါ်တွင် ခရီးသွားပြည်သူများထံ ငွေညှစ် တောင်းခံနေသော ပျူစောထီးများကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force – SSTF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယနေ့ ဩဂုတ်လ ၁ ရက် ညနေ ၅ နာရီခန့်က မြိုင်မြို့မရဲစခန်းပေါ်သို့ မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အလားတူ မွန်းလွဲ ၁ နာရီခန့်က မြိုင်-ပခုက္ကူလမ်းမပေါ်၌ ခရီးသွားပြည်သူ များကို စစ်ဆေးဖမ်းဆီးကာ မော်တော်ယာဉ်မောင်းများထံငွေညှစ်တောင်းခံနေသော ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“မြိုင်ရဲစခန်းကျဲချတဲ့တာက ထိခိုက်သေဆုံးမှုတော့ ရှိတယ်လို့ကြားတယ်ဗျ၊ အရေအတွက် အတိအကျ မသိရတာ၊ ဆင်ချောင်းရွာက ပျူတွေကတော့ ထိခိုက်သေဆုံးမှုရှိ မရှိ မကြားရသေးဘူး၊ အဲဒီမှာတော့ လေယာဉ်ငယ်တစ်စီးပျက်စီးခဲ့တယ်၊ Jummer မိတာမဟုတ်ဘူးဗျ၊ စက်ပစ္စည်းချို့ယွင်းလို့ ပျက်ကျတာ၊ စက်ပစ္စည်းက ဝယ်ယူရတာခက်တဲ့အပြင် ရံပုံငွေ ခက်ခဲတော့ ပိုပြီးမဝယ်ဖြစ်တဲ့အတွက် အဟောင်းတွေ ပဲ ထပ်ခါထပ်ခါ ပြန်သုံးနေရတဲ့အတွက် ပျက်ကျသွားတာပါ”ဟု Salingyi Special Task Force – SSTF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Salingyi Special Task Force – SSTF (Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team – 4 ) ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team- 3 PDAF ၊ Myaung Special Drone Force –MSDF မှ နယ်မြေခံ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YSO ပ က ဖ ၊ မြိုင် ပ က ဖ တပ်ရင်း၂ တို့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိခဲ့ကြောင်း သိရသည်။
Salingyi Special Task Force – SSTF အနေဖြင့် မဟာမိတ်ညီနောင်များ၊ အညာဒေသ သူရဲကောင်း ရဲဘော်များနှင့်အတူ ပိုမိုကောင်းမွန်သော တိုက်ပွဲများဆက်လက်ဖော်ဆောင်ရန်နှင့် တော်လှန်ရေးကြီး အမြန်ဆုံးပြီးမြောက်အောင်မြင်နိုင်ရန် မိဘပြည်သူများအနေဖြင့် မလျော့သောဇွဲ၊လုံ့လတို့ဖြင့် တတ်နိုင် သည့်ဘက်မှ ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
