ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာကို စစ်တပ်က တတိယအကြိမ် မီးရှို့ ဖျက်ဆီး မှု နေအိမ် ၃၀ ကျော် ပြာကျပျက်စီး
ရန်ကုန်၊ ဩဂုတ် ၄
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာကို စစ်တပ်က တတိယ အကြိမ် အဖြစ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၃၀ ကျော်ပျက်စီးသွားကြောင်း ဒေသ ပြည် သူများနှင့် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့မှ စတင်၍ ရေဦးဘက်မှ ဒီပဲယင်းမြို့ဘက်သို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်တပ်က ဩဂုတ်လ ၂ ရက်နေ့တွင် မရကန် ကျေးရွာကို ဝင်ရောက်ပြီး တတိယအကြိမ် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၁ အိမ် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
ယခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မရကန် ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အသက် ၈၀ အရွယ် အဖိုးအို တစ်ဦးကို မီးရှို့သတ်ဖြတ်ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်းတွင်လည်း ပထမ အကြိမ်အဖြစ် စစ်တပ်က မရကန်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထပ်မံ ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန် ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
သြဂုတ်လ ၂ ရက်နေ့တွင် နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်း ဝင်ရောက်နေပြီး ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်ခန့်သည် ဘေးလွတ်ရာသို့ ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရသည်။
ဒီပဲယင်းမြို့ နယ်အရှေ့ခြမ်းရှိ မရကန် ၊ အုံးခါး ၊ ဘန့်ဘွေး ၊ ဆင်ရောက်ကုန်း ၊ တနယ် ၊ ကုန်းတဲ ၊ အင်ပင် ၊ ဒိုင်နတ် ၊ မြင်းတံကျေး ၊ သပြေကုန်း ၊ ဆင်ဝပ် ကုန်း စသည့်ကျေးရွာများမှ ပြည်သူ ၅၀၀၀ ကျော်သည် ထပ်မံ ထွက်ပြေး တိမ်း ရှောင် နေကြောင်း သိရှိရသည်။
ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းကလည်း ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်အစပ် ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ရွာသားလေး ၊ မူးသာကုန်း ၊ ကုက္ကိုစု ၊ ပေါက်သာ ၊ ဆည်ကြီး ၊ ဇိန့်ဇွန်း ၊ ပိဋကတ်ကျ ၊ ချောင်း ပေါက်၊ မဲအိုး ၊ လက်ယက်ကုန်း ၊ ညောင်ကြီးကုန်း ၊ မူးကတွင်း ၊ အောင်ချမ်းသာ ၊ သရက်တော ၊ နှဘဲလှ ၊ ကံကုန်း ၊ ဝဲကြီး ၊ ညောင်လှ ၊ လက်ဆည် ၊ သပြေသာ ၊ ရုံးသာ ၊ နများ ၊ ယဥ်ကျေး စသည့်ကျေးရွာများမှ ပြည်သူများလည်း လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါ ကျေးရွာများမှ ပြည်သူ ၁၃၀၀၀ ကျော်သည် လက်ရှိချိန်တွင် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်ပြီး စစ်ရှောင်အရေအတွက် များပြားလွန်း သော ကြောင့် စားနိပ်ရိက္ခာများ အရေးပေါ်လိုအပ်နေပြီး လှူဒါန်းလိုသော ပြည်သူများအနေဖြင့် “ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေး” Page နှင့် ဒီပဲယင်းမြို့နယ်ညီနောင်များ page သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်တွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူများ၏ နေအိမ် ၆၀၀၀ ကျော် ပျက်စီးခဲ့ရပြီးဖြစ်ကြောင်း သိရှိရသည်။