23 C
Yangon

မဲဆောက်တွင် ကုန်စိမ်းကားပေါ် လိုက်ပါလာသည့် မြန်မာ အလုပ်သမား ၅၂ ဦး ဖမ်းဆီးခံရ

Must read

မဲဆောက်တွင် ကုန်စိမ်းကားပေါ် လိုက်ပါလာသည့် မြန်မာ အလုပ်သမား ၅၂ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ သြဂုတ် ၄

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဒေသတွင် ကုန်စိမ်းကားပေါ် လိုက်ပါလာသည့် မြန်မာ လုပ်သား ၅၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ဩဂုတ်လ ၃ ရက်နေ့ ညပိုင်းတွင် မဲဆောက်မြို့ မယ်ပဒေသရှိ စစ်ဆေးရေးဂိတ်တွင် ကုန်တင်ကား ၁ စီးကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးစဥ် ကုန်တင်ကားအနောက်ပိုင်း၌ အသံကြားရသော​​ကြောင့် အသီးအရွက်များကို ဖယ်ရှား စစ်ဆေးရာ မြန်မာ အလုပ်သမားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာအလုပ်သမားများ အနက် မြဝတီနယ်စပ်မှ ယာယီနယ်စပ်ဖြတ်ကျော်ကတ်ကိုင်ဆောင် ဝင်ရောက်လာသူ ၃၂ ဦး ပါဝင်ပြီး ကျန် ၂၀ ဦးမှာ အထောက်အထား မရှိကြောင်း၊ ထိုင်းကားသမားသည် ကားပေါ်တွင် မြန်မာအလုပ်သမားများ လိုက်ပါလာသည်ကို မသိရှိဟု ထွက်ဆိုပြီး ဟင်းသီးဟင်းရွက် ပို့ဆောင်ပေးမှုအတွက် ဘတ် ၁၀၀၀၀ သာ ရရှိခဲ့သည်ဟုလည်းဆိုကြောင်း သိရသည်။

မြန်မာ အလုပ်သမားများသည် ခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ ကုန်ကျခဲ့ပြီး စုစုပေါင်း ဘတ် တစ်သန်းခန့် ပေးဆောင်ရကာ ဘန်ကောက်သို့ သွားရောက်လုပ်ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ မြန်မာအလုပ်သမားများနှင့် ထိုင်းကားသမားကို အရေးယူရန် မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး အရေးယူပြီးနောက် မြန်မာအလုပ်သမားများကို နေရပ်ပြန်လည်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်လကလည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ၂၈၀ ကျော်အထိ ဖမ်းဆီးခံခဲ့ရပြီး ကားတိုက်မှုကြောင့် မြန်မာအလုပ်သမား ၄ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများ ဖော်ပြချက်အရ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article