ရေစကြိုမြို့နယ်၊ သပြေပင်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၂ ဦးကျဆုံး
ရန်ကုန်၊ ဩဂုတ် ၄
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သပြေပင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှ ဆီးကြို ပစ်ခတ်ခံရမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး သေနတ် တစ်လက်ဆုံးရှုံးခဲ့ကြောင်း ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၄ ရက် နံနက် ၆ နာရီခန့်က အင်အား ၅၀ ခန့်ဖြင့် မြေဖြူကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ဦးမှ သေနတ် တစ်လက်ဖြင့်သွားရောက်ရာ အကြမ်းဖက်စစ်သားများ၏ ဆီးကြိုပစ်ခတ်ခြင်းခံရပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ၂ ဦးနေရာမှာပင်ကျဆုံးကာ M 22 မောင်းပြန် သေနတ်တစ်လက် ဆုံးရှုံးခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦး အပြင်းအထန်ဒဏ်ရာ(အသက်အန္တရာယ်မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
“ရေဖြူကျေးရွာကနေသပြေပင်ကျေးရွာဘက်ကို စစ်ကြောင်းတက်လာတာကို သတင်းရတယ်၊ သတင်းရလို့ ကျနော်တို့ ရဲဘော်တွေက ပြည်သူတွေကို ထုတ်နေတာ၊ တစ်ချို့ပြည်သူတွေကလည်း မထွက်ချင်ကြဘူးပေါ့နော်၊ စစ်ကြောင်းလာတာကို အတိအကျသတင်းရတော့ ပြည်သူတွေကို ထုတ်တဲ့ အချိန်မှာ တစ်ချို့ပြည်သူတွေကလည်း ပြောရဆိုရ လက်ပေါက်ကပ်တယ်ဗျ၊ တခါတရံကျ လုပ်ရကိုင်ရ ခက်တယ်၊ ပြည်သူတွေကလည်း ရွာထဲမှာ ကျန်နေတယ်၊ ခွေးကလည်းလာနေတယ်ဆိုတော့ ကျနော်တို့ ရဲဘော်တွေ မိုင်းဆင်ထားတဲ့ ပွိုင့်နေရာကို သွားရတာပေါ့နော်၊ သွားတဲ့အချိန်မှာ ဒီကောင်တွေက ရောက်နှင့်နေပြီးတော့ ကျနော်တို့ ရဲဘော်တွေကို ဆီးပစ်တာ၊ ရဲဘော်နှစ်ယောက်ကတော့ နေရာမှာတင် ကျသွားတာ၊ ရဲဘော်တစ်ယောက်ကတော့ ကျည်မှန်ပြီး အပြင်းအထန်ရတာ၊ အသက်အန္တရာယ်တော့ မစိုး ရိမ်ရပါဘူး၊ စက်လက်နဲ့ဆွဲသွားတာဆိုတော့” ဟု ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်နိုင်ရန် ဝိုင်းဝန်းထားခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ကျေးရွာပတ်ပတ်လည်ကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ အလားတူ အနီးရှိ အကြမ်းဖက်စစ်တပ် ၂၅၆ ၊ ၂၅၇ ၊ ၂၅၈ တပ်အတွင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ ကြောင်း သိရသည်။
ထို့ကြောင့် နေ့လည် ၂ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်ဝင်ရောက်နေထိုင်ရာ သပြေပင်ကျေးရွာအတွင်း သို့ လက်လုပ်ရှော့တိုက်ဒုံးများ၊ လက်လုပ် ၆၀ မမ၊ ၁၂၀ မမ များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အ ပြင် ညနေ ၅ နာရီခန့်တွင် Salingyi Special Task Force-SSTF ( Shar Htoo Waw နည်းပညာ တပ်ဖွဲ့ Team -4 ) Team -3 )၊ PDAF၊ My aunt Special Done Force- MSDF တို့နှင့်ပူးပေါင်းကာ မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ၂၅၆ တပ်အတွင်းသို့ ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ တပ်အတွင်းရှိ ဘားတိုက်တစ် လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“ရဲဘော်တွေရဲ့လောင်းတွေက အခုချိန်အထိ ပြန်မရသေးဘူးဗျ။ ဒီကောင်တွေက အခုချိန်အထိ ခင်မွန် ကျေးရွာနဲ့ သပြေပင်ကျေးရွာထဲမှာရှိသေးတယ်၊ ခင်မွန်ကျေးရွာနဲ့ သပြေပင်ကျေးရွာဆိုတာက ဟိုဘက် ရွာ၊ ဒီဘက်ရွာဆိုတော့ အလောင်းတွေကတော့ ကောက်လို့မရသေးဘူး” ဟု ရေစကြိုပကဖမှတာဝန်ရှိ သူတစ်ဦးက ရှင်းပြသည်။