ကန့်ဘလူတောင်ပိုင်းမှ စစ်ရှောင်ပြည်သူ ၃၀၀၀ ကျော် အကူအညီလိုအပ်နေ
ရန်ကုန်၊ဩဂုတ် ၅
စစ်ကိုင်းတိုင်း ကန့်ဘလူတောင်ပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာများကို မီးရှို့နေသည့်အတွက် ဒေသခံပြည်သူ ၃၀၀၀ ကျော် တိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း ကန့်ဘလူအခြစိုက် ဒေါင်းနီပြည်သူ့ကာကွယ်တပ်ဖွဲ့မှ တာဝန်ရှိသူ ကိုအောင်ကြီးက ပြောသည်။
ယင်းစစ်ဘေးရှောင်ပြည်သူအများစုသည် ကန့်ဘလူတောင်ပိုင်း ဖုတ်ကုန်းရွာနှင့်ညောင်ပေါင်ရင်းရွာနှစ်ရွာ အများစုပါဝင်ပြီး ပလက်စတစ်အမိုးအကာနှင့် ဖြစ်သလိုနေထိုင်နေရကြောင်း ဒါအပြင် စားရေးသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်များ လိုအပ်နေကြောင်း ကိုအောင်ကြီးကပြောသည်။
စစ်ဘေးရှောင်ပြည်သူတွေအနေဖြင့် လိုအပ်ချက်များစွာရှိနေပြီး အဓိကလိုအပ်ချက်က မြွေဆိပ် ဖြေဆေး လိုအပ်နေကြောင်း ဒေါင်းနီပြည်သူ့ကာကွယ်တပ်ဖွဲ့မှ တာဝန်ရှိသူ ကိုအောင်ကြီးက ပြောသည်။
“ပြည်သူတွေလိုအပ်နေတာလိုအပ်နေတာအများကြီးပဲ၊အခုလည်းကျွန်တော်တို့အဖွဲ့က ထမင်းထုပ်တွေ သွားလှူတာ သူတို့အဓိကလိုနေတာ မြွေဆိပ်ဖြေဆေးဗျ” ဟု ကိုအောင်ကြီးက ပြောသည်။
ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် မကြာခဏဆိုသလို ရွာများပတ်ပြီး စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူများ အမြဲလိုစစ်ရှောင်နေ ကြနေကြောင်း သိရသည်။
လက်ရှိမှာ ကန့်ဘလူခရိုင်တွင် ဇူလိုင်တစ်လထဲမှာ မြွေဆိုးကိုက်ခံရသည့်ဒေသခံပြည်သူ ၁၁ ဦးရှိပြီး ယင်းထဲက တစ်ဦးမှာ သေဆုံးသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။
ယင်းအပြင် အကြမ်းဖက်စစ်တပ်က ရွာများမီးပတ်ရှို့ဖျက်ဆီးမှုများကြောင့် ကုသပေးရသည့်အခြေအနေမှာလည်း လုံခြုံမှုရှိသည့် အခြေအနေတွင် မရှိကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကထုတ်ပြန် ထားသည်။