ဆားလင်းကြီးမြို့နယ်တွင် ဝမ်ပေါင်ကုမ္ပဏီက ဝက်မှေးရွာဟောင်းကို စစ်တပ် နှင့်ရဲ အပါအဝင် အင်အား ၃၀၀ ကျော်ဖြင့် ခြံစည်းရိုးခတ်၊ ရွာအပြင်ထွက် သူများကို သေနတ်ဖြင့်ပစ်ခတ်
ရန်ကုန်၊ ဩဂုတ် ၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီက ဝက်မှေး ရွာဟောင်းကို စစ်တပ်နှင့်ရဲများ အပါအဝင် အင်အား ၃၀၀ ကျော်ဖြင့် ခြံစည်းရိုး ခတ်နေကြောင်း ဝက်မှေးရွာဟောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။
ဩဂုတ်လ ၃ ရက်နေ့မှစတင်၍ ဝမ်ပေါင်ကုမ္ပဏီက စစ်တပ်၊ ရဲ များအပါအဝင် လူအင်အားအများအပြားဖြင့် ခြံစည်းရိုးများ စတင်ခတ်နေကြောင်း၊ ရွာအဝင် အထွက်များအားလုံးကို ပိတ်ဆို့ ခြံစည်းရိုးခတ်နေပြီး ဝက်မှေးရွာဟောင်းပါ ဝမ်ပေါင်ကုမ္ပဏီ၏ ခြံစည်းရိုးခတ်သည့်အတွင်းထဲသို့ ပါဝင်သွားကြောင်း၊ လူအင်အားအများအပြားဖြင့် ခြံစည်းရိုးခတ် နေသည့်အတွက် အနားပင်ကပ်၍ မရကြောင်း ပြောဆိုသည်။
“ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်းကစပြီး ခြံစည်းရိုးတွေခတ်နေတာ။ ဝက်မှေး ရွာဟောင်း အဝင်အထွက်တွေအားလုံးကိုလည်း ပိတ်ဆို့ထားတယ်။ ဝမ်ပေါင် ကုမ္ပဏီက အခုလိုလုပ်တာက ဒီလို တိုင်းပြည်ပျက်နေချိန်မှာ အနိုင်ကျင့်တာ။ ရွာသူရွာ သားတွေလည်းရှိနေတာပဲ။ လာပြောပါ့လား။ လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတာ။ သူတို့ခြံစည်းရိုးခတ်တဲ့အနားကိုလည်း ဘယ်သူကိုမှ အကပ် မခံဘူး။ ကျမတို့ ရွာက ထွက်တဲ့ထွက်ပေါက်ကိုလည်း အခု ခြံစည်းရိုးခတ်နေပြီ။ ကျမတို့က အဝင်အထွက်မလုပ်ရဘဲ အသေခံ အငတ်ခံရတော့မှာလား။ မတရားအလုပ်ခံနေရတယ်” ဟု ဝက်မှေးရွာဟောင်းမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်နေသည့်မြေများတွင် လျှော်ကြေးရ ယူထား ခြင်းမရှိသော မြေများပါဝင်ပြီး ရွာကိုပါ ပိတ်ဆို့ခြံစည်းရိုးခတ် မတော် မတရား ပြုလုပ်ခြင်းဖြစ်သည်ဟု ပြည်သူများက ဆိုကြသည်။
ထို့ပြင် ဝက်မှေးရွာဟောင်းကို ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်နေချိန် သက် ကြီးရွယ်အိုများနှင့် အမျိုးသမီးများက ရွာပြင်သို့ ထွက်ခွာချိန်တွင်လည်း စစ်တပ် က ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် လှမ်းပစ်ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် ဆိုင်ကယ်ကို ထိမှန်သွားကြောင်း သိရှိရသည်။
“တချို့တွေလည်း အချေအတင်တွေဖြစ်မှာစိုးလို့ သက်ကြီးရွယ်အိုတွေကို ရွှေ့တဲ့ အချိန် ရွှေလှေ အထွက်ဘက်မှာ သေနတ်နဲ့ လှမ်းပစ်တယ်။ ဒီမနက်ပဲ။ လူ တော့ မထိဘူး။ ဆိုင်ကယ် ခြင်းကို သွားထိတယ်” ဟု ဝက်မှေးရွာဟောင်းမှ ပြည်သူက ရှင်းလင်းပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဆားလင်းကြီးတွင် စစ်ကြောင်းများထိုး၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသဖြင့် ပြည်သူများ ထွက်ပြေးနေရချိန် ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင် စီမံကိန်းအတွက် ဝက်မှေးရွာ ဟောင်း ကို ခြံစည်းရိုးခတ်၍ မတရားသိမ်းပိုက်ရန် ကြိုးပမ်းလာခြင်းဖြစ် ကြောင်း သိရှိရသည်။
ဓာတ်ပုံ- လက်ပံတောင်းတောင်စီမံကိန်းကို ကာကွယ်နေကြသည့် အကြမ်းဖက် ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- EPA
