ဒိုက်ဦးတွင် ပစ်ခတ်ခံရသည့် ပျူစောထီး ဆန်းဝင်း ဆေးရုံတွင် ၁၀ ရက်အကြာမှ သေဆုံး ၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာတွင် စစ်တပ်သာအမိ စစ်တပ်သာအဖ ဟုဆိုသူ ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၆
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် ပစ်ခတ်ခံရပြီး ဆေးရုံတက်နေရသည့် ပျူစောထီး ဆန်းဝင်း ၁၀ ရက်အကြာတွင် ဆေးရုံ၌ သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ပျူစောထီး ဆန်းဝင်းကို ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဒိုက်ဦးမိခင်နှင့် ကလေးစောင့်ရှောက်ရေးရုံးရှေ့တွင် တော်လှန်ရေး ရဲဘော်များက သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပဲခူးဆေးရုံတွင် ဆေးကုသမှု ခံယူနေစဥ် ဩဂုတ်လ ၄ ရက်နေ့၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆန္ဒပြတဲ့ သူတွေကို ဖမ်းဆီးလမ်းပြ၊ ကလေးတွေကို ထုထောင်းနှိပ်စက်ခဲ့တဲ့ ဒလန်အကြီးစားပါ။ မသေခင် ပဲခူးဆေးရုံမှာ ခွေးအော် ဝက်အော် အော်ပြီး မချိမဆန့်ခံစားရ။ တစ်မြို့လုံးက တစ်ယောက်နဲ့ တစ်ယောက် သတင်းကြားပြီးပြီလား လက်မတစ်ထောင်ထောင်နဲ့ တစ်ပြုံးပြုံးနဲ့ ပျော်နေကြတယ်။ နောက်ထပ်ဒလန်တွေရဲ့ အလှည့်လာဦးမယ်လို့ တီတိုးပြောနေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
အဆိုပါ ပျူစောထီး ဆန်းဝင်းသည် အကြမ်းဖက်စစ်သားများ၊ ရဲများနှင့် ပူပေါင်း၍ ပြည်သူများနှင့် UG အဖွဲ့များကို လိုက်လံစုံစမ်းခြင်း၊ စစ်ကောင်စီထံ သတင်းပေးပို့ခြင်း၊ ဖမ်းဆီးမှုများပြုလုပ်ရာတွင် စစ်သားများ၊ ရဲများကို ခေါ်၍ ပြည်သူများနှင့် မြို့ပြပျောက်ကြားရဲဘော်များကို ၎င်းကိုယ်တိုင် လူမဆန်စွာ ထုရိုက်နှိပ်စက်ညှဉ်းပန်းခြင်း၊ စစ်ကောင်စီ၏ ဝါဒဖြန့်ပေ့ချ် Daik.U Channel Page ကို ထောင်ကာ ရဟန်းသံဃာများအပေါ် ကြမ်းတမ်းစွာဆဲဆိုခြင်း၊ CDM များနှင့် တော်လှန်ပြည်သူများကို ခြိမ်းခြောက်ပြောဆို ဖမ်းဆီးစေခိုင်းခြင်းများ လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း Bago Region က ထုတ်ပြန်ထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်နေသော ဖြိုးသန်းကို ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် မြင်းမူပျောက်ကြားတပ်ဖွဲ့ (တပ်ခွဲ ၄ ) က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း အဆိုပါအဖွဲ့က တရားဝင် ထုတ်ပြန်သည်။
စစ်တပ်အတွက် အလုပ်လုပ်နေသူ ကြွယ်ပုံရွာမှ ဖြိုးသန်းသည် “စစ်တပ်သာအဖ စစ်တပ်သာ အမိ အသက်ရှင်နေ့သရွေ့ စစ်တပ်ထောက်ခံမယ် ” ဟုကြွေးကြော်ခဲ့သူဖြစ်ကြောင်း၊ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူများကို Myinmu ပျောက်ကြားတပ်ဖွဲ့ ( တပ်ခွဲ – ၄ ) က ဖယ်ရှားမည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။
