သရက်ချောင်းမြို့နယ်၊ ရငဲရွာမှ စစ်ဘေးရှောင် ပြည်သူ ၅ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး
ရန်ကုန်၊ သြဂုတ် ၆
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာမှ စစ်ဘေးရှောင် ပြည်သူ ၅ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်နှင့် ဒေသပြည်သူများ ထံမှ သိရသည်။
သြဂုတ်လ ၅ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ရငဲရွာမှ ဒေသ ပြည်သူ ၅ ဦးသည် နေအိမ်သို့ ပြန်လာပြီး လိုအပ်သည့် ပစ္စည်းများကို ယူဆောင်နေချိန် အကြမ်းဖက် စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားကြောင်း၊ ရငဲရွာသား အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၂ ဦး ကို အကြမ်းဖက် စစ်တပ်က နှိပ်စက်ပြီး အမျိုးသမီး ၂ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား ၃ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပြည်သူများကို ဖမ်းဆီးရိုက်နှက်သည့် အပြင် ပြည်သူများစီးနင်းလာသည့် ဆိုင်ကယ်များကိုလည်း သိမ်းကာ သရက်ချောင်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၀၃ တပ်ရင်းကို ကားဖြင့် ယူဆောင်သွားကြောင်း သိရသည်။
ခမရ ၄၀၃ တပ်ရင်းသည် ရငဲရွာနှင့် အနီးတဝိုက်ရှိ ရွာများမှ ပြည်သူပိုင် ပစ္စည်းများဖြစ်သော ဆိုင်ကယ်၊ ဖုန်း၊ ရေခဲသေတ္တာ၊ အဝတ်အစား၊ ပန်ကာ စတဲ့အသုံးဆောင်ပစ္စည်းတွေကို ယူဆောင်ပြီး ပြန်လာရောင်းချလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်က ရငဲရွာရှိ မြွေတောင်၌ ၂ လကျော်ကြာ အထိုင်ချ တပ်စွဲထားပြီး လက်ရှိချိန်ထိ ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။
