ဆားလင်းကြီးမြို့နယ်တွင် စစ်တပ် ရိက္ခာနှင့် လက်နက်ခဲယမ်းတင် သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် စစ်တပ် ရိက္ခာနှင့် လက်နက်ခဲယမ်းတင် သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း၊ ရေစကြိုမြို့ မှ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ ရိက္ခာ နှင့် စစ်လက်နက်ပစ္စည်းများ သယ်ယူလာသော ဖလက်ခွံ ၃ စီးနှင့် စစ်သင်္ဘော ၂ စီး သည် ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာကြောင်း၊ အဆိုပါ စစ်သင်္ဘောများကို
ဆားလင်းကြီးမြို့နယ် တစ်နေရာအရောက်တွင် Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့ ၊ Chindwin Dynamite (Salingyi) ၊ Fighter 9 Force (Salingyi) ၊ တောင်ပံနီပြောက်ကျားတပ်ဖွဲ့ နှင့် တခြားသော ညီနောင်မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ မိနစ် ၄၀ ခန့်ကြာသည်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်၏ စစ်သင်္ဘောများကလည်း လက်နက်ကြီးများ စက်သေနတ်များဖြင့် အဆက်မပြတ် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် PDF ၁ ဦး အမောဖောက်ကာ အခြားရဲဘော်တစ်ဦးမှာလည်း ကျည်ရှပ်ထိဒဏ်ရာရရှိကြောင်း သိရှိရသည်။
PDF တပ်များ၏ တိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်မှ ဖလက်တစ်စီး လက်နက်ကြီးထိမှန်ကာ မီးခိုးများအူထွက်သွားခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် ကျည်အင်အားလျော့နည်းနေပါသောကြောင့် ချွေတာ သုံးစွဲက တစ်တောင့် ခြင်းသာ ပစ်ခတ်သုံးစွဲခဲ့ရကြောင်း၊ ထို့အတွက် ကြောင့် တော်လှန်ရေး ပိုမိုအရှိန်မြှင့်ပြီး ပိုမိုတိုက်ပွဲဖော် ဆောင်နိုင်ရန် ကျည် တစ်တောင့်ဖြစ်စေ ပါ၀င်ကူညီ ထောက်ပို့ပေးကြပါရန် Hero Fighter (Salingyi) ပြန်ကြားရေးတာဝန်ခံက မေတ္တာရပ်ခံထားသည်။
