မြ၀တီမြို့၊ အမှတ် ၃ ရပ်ကွက်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူများ ထိခိုက် ဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၇
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အမှတ် ၃ စစ်မှုထမ်းဟောင်းရပ်ကွက်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။
ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျည်များသည် မြဝတီမြို့ ၊အမှတ် ၃ စစ်မှုထမ်းဟောင်း ရပ်ကွက် အတွင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒဏ်ရာရရှိတဲ့အထဲမှာ ကလေးငယ် ၁ ဦးပါတယ်။ ဒဏ်ရာရတဲ့ အခြားပြည်သူ တွေမှာ အသက်အန္တရာယ်စိုးရိမ်ရသူတွေ ရှိနေပါတယ်” ဟု မြ၀တီမြို့မှ ပြည်သူ တစ်ဦးက ပြောဆိုသည်။
မြဝတီ မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် မကြာခဏ ဆိုသလို ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း၊ အထူးသဖြင့် မြ၀တီမြို့ ၂၇၅ တပ် က ၁၂၀ မမ လက်နက်ကြီး များဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများ၊ ရပ်ကွက်များသို့ ပစ်ခတ်လေ့ရှိရာ ပြည်သူများထိခိုက်သေဆုံးမှုများ ဖြစ်ပေါ် လေ့ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
“၂၇၅ တပ်က မဲကနယ်၊ လက်ခတ်တောင်၊ ကျောက်တောင်အဲဒီဘက်တွေ ရမ်းသမ်းပစ်တယ်။ ပြီးတော့ ပြည်သူတွေနေတဲ့ ရပ်ကွက်၊ ရွာတွေကိုလည်း မကြာခဏ ပစ်ခတ်ပါတယ်။ ညနေပိုင်းနဲ့ ညပိုင်းတွေဆို ပိုပစ်တယ်။ လက်နက် ကြီး ပေါက်ကွဲသံတွေကို ထိုင်းဘက်ခြမ်း မဲဆောက်ကနေတောင် ကြားနေ ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။