ကန့်ဘလူ တောင်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူ နှစ်ဦး နေထိုင်ရန် တဲထိုးနေစဉ် အဖမ်းခံရ
ရန်ကုန်၊ ဩဂုတ် ၇
စစ်ကိုင်းတိုင်း ကန့်ဘလူတောင်ပိုင်း တစ်နေရာတွင်စစ်ဘေးရှောင်တွေအတွက် နေထိုင်ရန် တဲထိုးနေစဉ် အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကန့်ဘလူ တောင်ပိုင်း စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးနေသူ မောင်ဖုန်း (သမိုင်းကျောင်းသား) က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကန့်ဘလူတောင်ပိုင်းဒေသများကို အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင် ရောက်ခဲ့သည့်အတွက် ဒေသခံအများအပြား ထွက်ပြေးခဲ့ရကြောင်း ၊ယင်းသို့ထွက်ပြေးတိမ်းရှောင်ပြီး နေထိုင်ရန်အတွက် တဲများထိုးနေစဉ် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းများမှ ဝင်ရောက်လာသည် တိုးမိပြီး တဲထိုးနေသည့် ပြည်သူနှစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက် ပေးနေသူ မောင်ဖုန်း (သမိုင်းကျောင်းသား) ကပြောသည်။
ယင်းသို့အဖမ်းခံရသည့် သတင်းကြားချိန်တွင် ကျန်စစ်ဘေးရှောင် ပြည်သူ ၁၇၀ ခန့်သည် ဘေးလွတ်ရာကို ထပ်မံထွက်ပြေးခဲ့ကြောင်း ဖမ်းဆီးခံရသူနှစ်ယောက်သည် ယခုထက်တိုင် ပြန်လည်လွတ်မြောက်လာ ခြင်းမရှိသည့် အပြင် မည်သည့် သတင်းမှကိုလည်း မကြားရကြောင်း မောင်ဘုန်း(သမိုင်းကျောင်းသား) ကပြောသည်။
ယင်းစစ်ရှောင် ၁၇၀ သည် ကန့်ဘလူတောင်ပိုင်းနယ်မြေအတွင်း လှည့်လည်စစ်ဘေးရှောင်နေရသည်မှာ ၃ လခန့်ရှိနေပြီး ကိုယ်ရပ်ရွာဒေသများကို မပြန်နိုင်ဖြစ်နေကြောင်း၊ရွာများကို ပြည်သူများရောက်လာလျှင် စစ်ကောင်စီတပ်များက ဝင်ရောက်စီနင်းခြင်းများပြုလုပ်နေ၍ မကြာခဏဆိုသလို ပြေးလွှားနေရကြောင်း ကန့်ဘလူတောင်ပိုင်း စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောသည်။
“အခက်အခဲတွေကအများကြီးရှိပါတယ်။အခုစားဝတ်နေရေးဆိုတာထက်လောလောဆယ် မိုးတွင်းကာလ ရောက်နေဆိုတော့ ဆေးဝါးခြင်ထောင်ကအစ ဘာမှပါမလာဘူး။အတော်ကို ဒုက္ခရောက်နေတယ်။ ဘယ်သူ အကူအညီမှလည်းမရသေးတော့ အချင်းချင်းပဲ မျှသုံးနေရတယ်”လို့ ကန့်ဘလူတောင်ပိုင်း စစ်ဘေးရှောင် တစ်ဦးကပြောသည်။
မကြာမီ ဆောင်းတွင်းရောက်လာလျှင် အစားအသောက်အနေအထိုင်အပါအဝင် ကျန်းမာရေးတို့ပါ ပိုမိုခက်ခဲ မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ယင်းကန့်ဘလူတောင်ပိုင်းမှ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအနည်းအကျဉ်းနှင့် စောင်ခြင်ထောင် ခေါင်းအုံးအနည်းငယ်သာ ထောက်ပံ့ပေးနိုင်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တခြားအဖွဲ့ အစည်းကြီးများမှ ထောက်ပံ့အကူအညီများ ပိုလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူ မောင်ဖုန်း (သမိုင်းကျောင်းသား) ကပြောသည်။