ယင်းမာပင်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ကျေးရွာ ၁၀ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ
ရန်ကုန်၊ သြဂုတ် ၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၆ ရက်နေ့တွင် ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ စစ်တပ်က စစ်ကြောင်းထိုးပြီး စေသူရွာအတွင်း တပ်စွဲထားသောကြောင့် ကျေးရွာ ၁၀ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်၊ စေသူရွာအနီး ဩဂုတ်လ ၆ ရက်နေ့ နံနက် ၈ နာရီခန့်မှ စတင်ကာ အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ညနေ ၄ နာရီ အထိတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ကြောင်းသည် စေသူရွာသစ်ကွင်းမှ သစ်လုံးများကို သယ်ယူရန် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိပ်တိုက်တိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သူတို့ပထမ စစ်ကြောင်းစထိုးလာတာက အောင်ဇေယျအကျိုးကန်းကုန်းကို နမခ ကနေ စစ်ကား ၃ စီးနဲ့ရောက်လာတယ်။ နံနက် ၆ နာရီလောက်က စုန်းချောင်းရွာဘက်ကို စစ်ကြောင်းစထိုးလာတယ်။ တိုက်ပွဲက မနက်ခင်းကတည်းက ဖြစ်နေတာ ပထမတိုက်ပွဲ စဖြစ်တာက ပတိမ်ပြင်ရွာအနီးမှာ မိုင်းစဆွဲတယ်။ ခွေးတွေအထိများတယ်။ သူတို့အထိနာလို့ နောက်ထပ် နမခကနေ အကျိုးအကန်းကုန်းကို စစ်ကားကြီး ၂ စီးနဲ့ထပ်ပြီး အင်အားလာဖြည့်တယ်။ မွန်းလွဲပိုင်းကျတော့ စေသူရွာအနီးမှာ တိုက်ပွဲထပ်ဖြစ်တယ်။ သူတို့ဘက်က အထိနာပြီး အကျအဆုံးများတယ်။ အဲလိုအထိနာလို့ ကျောက်စစ်ပုံအမြောက်တပ်ကနေ ၁၂၀ မမ ၆ လုံးထက် မနည်း ပစ်ခတ်စစ်ကူပေးတာတွေလည်းရှိခဲ့တယ်။ နောက်ပြီး အောင်ဇေယျအကျိုးအကန်းကန်းကနေ ၆၀ မမနဲ့ ထပ်ပြီးပစ်ခတ်တာတွေရှိခဲ့တယ်။ စစ်ခွေးတွေပစ်လို့ ရွာသားတစ်ဦးလည်း ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့တယ်” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးက ပြောဆိုသည်။
Photo – ယင်းမာပင်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)