ရခိုင်ပြည်နယ်၊ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာပေါင်း ၇၀ ကျော် ရေနစ်မြုပ်နေပြီး သေဆုံးမှုနှင့် ပျောက်ဆုံးမှုများရှိ
ရန်ကုန်၊ ဩဂုတ် ၇
ရခိုင်ပြည် မြောက်ပိုင်းရှိ မြို့နယ်အချို့နှင့် တောင်ပိုင်းရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး ပြည်သူများ သေဆုံးပျောက်ဆုံးမှုများရှိနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မောင်တောမြို့နယ်တို့ရှိ ကျေးရွာများနှင့် တောင်ပိုင်းတွင် တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲမြို့နယ်တို့ရှိ ကျေးရွာများ၌ ရေကြီးနေခြင်းဖြစ်ကြောင်း၊ မင်းပြားမြို့နယ်အတွင်းတွင်မူ ရေကြီးရေလျှံမှုကြောင့် လူအသေအပျောက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြောက်ဦးမြို့မှ မင်းပြားမြို့နယ်သို့ စီးဆင်းလျက်ရှိသည့် လေးမြို့မြစ်သည် မြစ်တစ်လျှောက်ရှိ ကျေးရွာပေါင်း ၃၀ ကျော်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ စ၍ ရေကြီး ရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း၊ စစ်တွေ ကုလားတန်မြစ်ကြောင်းနှင့် ဆက်စပ်သွယ်တန်းလျက်ရှိသည့် မြောက်ဦးမြို့နယ်ရှိ ချောင်းငယ်များတွင်လည်း ကုလားတန်မြစ်ရေ မြင့်တက်လာခြင်းကြောင့် ရေလျှံနေကာ ချောင်းတစ်လျှောက်ရှိ ကျေးရွာများမှာ ရေနစ်မြှုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
မင်းပြားမြို့နယ် သာစည်ကျေးရွာတွင် ရေကြီးမှုကြောင့် ပြင်ယောင်းကျေးရွာမှ လာသော ဒေသပြည်သူ နှစ်ဦးသေဆုံးသွားကြောင်း၊ သေဆုံးသွားသူများမှာ ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြပြီး ဩဂုတ်လ ၆ ရက်နေ့တွင် ရေနစ်သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
မင်းပြားမြို့နယ် လေးမြို့မြစ်တစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာလည်း တောင်ကျရေကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေပြီး ရွှေကျင်၊ မင်းဖူး၊ ကုလားမတောင်၊ ပုလဲတောင်၊ သာစည်၊ ပြင်ယောင်း စသည့်ကျေးရွာများတွင်လည်း ရေကြီးကြောင်း၊ ကျောက်တော်မြို့နယ်တွင်လည်း ကုလားတန်မြစ်ရေ မြင့်တက်လာခြင်းကြောင့် ဒုက္ခသည်စခန်းများအပါအဝင် ကျေးရွာပေါင်း ၁၀ ကျော် ရေကြီးမှုဒဏ် ခံစားနေရကြောင်း သိရှိရသည်။
ထို့ပြင် ကုလားတန်မြစ်ကြောင်း လက်တက်ဖြစ်သည့် သရီချောင်းမှ ရေမြင့်တက်လာ၍ မဟာမုနိဘုရားအနီး ကျေးရွာအချို့မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရပြီး မဟာမုနိဘုရားနှင့် သိပ်မဝေးသည့် ညောင်ချောင်းစစ်ရှောင်စခန်းမှာလည်း ရေကြီးမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း ဒေသပြည်သူများက ပြောကြားသည်။
မောင်တော်ြမို့နယ် မြောက်ပြောင်းဒေသရှိ ကျေးရွာအချို့တွင်လည်း ရေကြီးနေကာ တောင်ဂုတ်မြို့နယ်တို့တွင်လည်း ရေကြီးမှုကြောင့် တန်းလွဲတိုက်နယ်ဒေသရှိ သက္ကေကျွန်းနှင့် ပန်းတင်းကျွန်းတွင် တာတမံများကျိုးပေါက်သွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။
(Western News-WN သည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်မီဒီယာဖြစ်သည်။)