နတ်တလင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ သြဂုတ် ၇
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း MRF – Nattalin တပ်ဖွဲ့ထံမှ သိရသည်။
သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ် အတွင်းရှိ ကြက်မနက် ကျေးရွာ အနောက်ကုန်းဘက်မှ ပျဉ်းမခေါင်မြောက်ဘက်ကို စစ်ကြောင်း ထိုးလာသည့် အင်အား ၃၂ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၁၊ တပ်ခွဲ ၄ ၊ MRF-NATTALIN တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း စစ်သား ၂ ဦးသေဆုံးကာ အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
MRF-Nattalin တပ်ဖွဲ့အနေဖြင့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင်များ၊ ၎င်းတို့၏ ခြေကုပ်စခန်းများနှင့် စစ်ကြောင်းများအား အချိန်မရွေးတိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများသည် အဆိုပါ အကြမ်းဖက်စစ်တပ်များ၏ အနီးအနားနေထိုင်ခြင်း ပူးတွဲသွားလာခြင်း၊ ပူးပေါင်းဆောင်ရွက် ခြင်းများ မပြုလုပ်ကြရန် သတိပေး ထုတ်ပြန်ထားသည်။