အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးကို ပိတ်ဆို့ကာ ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့်အဖြစ် ဆန္ဒပြနေ
ရန်ကုန်၊ သြဂုတ် ၈
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးကို ပိတ်ဆို့ကာ Anti Dictatorship in Burma – DMVPa အင်အားစုက ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့်အဖြစ် ဆန္ဒပြလျက်ရှိကြောင်း သိရသည်။
ဩဂုတ်လ ၇ ရက်နေ့ နံနက် ၈ နာရီအချိန် မှစ၍ အကြမ်းဖက် စစ်ကောင်စီက တရားမဝင် မတရားသိမ်း ပိုက်ထားသည့် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန် ရှိ၊ မြန်မာသံရုံးရှေ့တွင် နွေဦးတော်လှန်ရေး ဆန္ဒပြ လှုပ်ရှားလျက်ရှိသော Anti Dictatorship in Burma – DMVPa အင်အားစုများက ပိတ်ဆို့ထားကြောင်း သိရသည်။
လက်ရှိချိန် သံရုံးအတွင်းသို့ စစ်ကောင်စီ ဝန်ထမ်းများ ဝင်ရောက်၍ မရဘဲ သက်ဆိုင်ရ ာတာဝန်ရှိသူများကိုလိမ်လည် တိုင်ကြားခဲ့သောကြောင့် U.S State Department Security Officer ၊ U.S Secret Service မှ တာဝန်ရှိသူများ ရောက်ရှိလာပြီး စုံစမ်းမေးမြန်းမှုများပြုလုပ်ခဲ့ပြီးနောက် လိမ်လည် တိုင်ကြားမှုသာဖြစ်၍ ဆန္ဒပြ လှုပ်ရှားသူများအနေနှင့် မည်သည့် တရားဥပဒေချိုးဖောက်မှုမှ မရှိဘဲ ဥပဒေဘောင်အတွင်းမှ လုပ်ပိုင်ခွင့်အတိုင်း လုပ်ဆောင်ခြင်းသာဖြစ်သဖြင့် ဆက်လက်လုပ်ဆောင် နိုင်ကြောင်းပြောဆိုခဲ့သည်ဟု သိရှိရသည်။
ဆန္ဒပြသူများအား အန္တရာယ်ပြုမှု တစုံတရာရှိလာခဲ့လျှင် ၎င်းတို့အား ချက်ခြင်းအကြောင်းကြားရန် နှင့် ဆက်လက်ဆန္ဒပြပိတ်ဆို့ထားမှုအား မိမိတို့ ဆန္ဒအတိုင်း ဥပဒေမချိုးဖောက်ဘဲ လုပ်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရပြီး ဆန္ဒပြသူများအနေဖြင့် မည်မျှအချိန်အထိ ဆက်လက်ပိတ်ဆို့ထားမည်ကို မသိရသေးဘဲ ရက်ရှည် လုပ်ဆောင်သွားကြောင်း သိရသည်။


