တရုတ်ဝမ်ပေါင် ၊ ယန်စီကုမ္ပဏီများက စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို ဖိနှိပ်နေမှု ချက်ချင်းရပ်တန့်ရန် သပိတ်အင်အားစု ၁၇ ဖွဲ့ ပြင်းပြင်းထန်ထန် သတိပေး
ရန်ကုန်၊ ဩဂုတ် ၉
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ကြေးနီစီမံကိန်းများ ဆောင်ရွက်နေ သော တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနှင့် ယန်စီကုမ္ပဏီတို့က အကြမ်းဖက် စစ်တပ်ကို အားပေးကူညီနေသည့်အပြင် စစ်တပ်နှင့်ပူးပေါင်း၍ ဒေသပြည် သူများ ကို ဖိနှိပ်နေမှုများ ချက်ချင်းရပ်တန့်ရန် ဒေသခံသပိတ်အင်အစားစု ၁၇ ဖွဲ့က ဩဂုတ် ၇ ရက်နေ့တွင် ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။
တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် ယန်စီကုမ္ပဏီတို့သည် အကြမ်းဖက်စစ်တပ် ဆက်လက်တည်တံ့စေရန် ထောက်ပံ့နေသည့် ဝင်ငွေရင်းမြစ်များ စာရင်းတွင် ပါဝင်နေသည့် ကုမ္ပဏီများ ဖြစ်ကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီနှင့် ယန်စီကုမ္ပဏီတို့သည် အကြမ်းဖက်စစ်တပ်ကို ၎င်းတို့၏ စီမံကိန်း ဧရိယာအတွင်း စခန်းချခွင့်ပြုထားပြီး စားနပ်ရိက္ခာများကို ထောက်ပံ့ကျွေးမွေးခြင်း၊ စစ်တပ်မှ စစ်ကြောင်းထိုးရာတွင်လည်း ၎င်းတို့ သတ္တုတွင်းကုမ္ပဏီပိုင်ကားများကို အသုံးပြု၍ ပို့ပေးခြင်း၊ အစားအသောက်များ စီစဉ်ပံ့ပို့ပေးခြင်းများ ပြုလုပ်ပေးနေကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ဝမ်ပေါင်ကုမ္ပဏီဝန်းအတွင်းမှ နေ၍ အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကိုလည်း ခွင့်ပြုထားကြောင်း သိရှိရသည်။
ထို့သို့ ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီများ၏ ပံ့ပိုးကူညီခြင်းနှင့် အားပေးအားမြှောက်ပြုလုပ်ခြင်းတို့ကြောင့် အကြမ်းဖက်စစ်တပ်သည် ညောင်ပင်ကြီး၊ ယင်းမာပင်၊ ပုလဲလမ်းများပေါ်တွင် အတားအဆီးများ ချ၍ ခရီးသွားပြည်သူများကားများကို တရားမဲ့ ဆက်ကြေးတောင်းခံခြင်း၊ ဝမ်ပေါင်ကုမ္ပဏီတွင်းမှ ညောင်ပင်ကြီး ၊ ဆားလင်းကြီးလမ်းပေါ်တွင် သွားနေသည့် ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူများ၏ လယ်ယာမြေအတွင်း စိုက်ထားသည့် မီးတိုင်များအနီးနှင့် လယ်ယာမြေများအတွင်းတွင် နင်းမိုင်းများ ထောင်ခြင်း၊ အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း စသည့် ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း ဒေသသပိတ်အင်အားစုများက ထောက်ပြထားသည်။
ထို့ပြင် ဝမ်ပေါင်ကုမ္ပဏီအတွက် လိုအပ်သည့် ကုန်ပစ္စည်းများ၊ စားနပ်ရိက္စာများ လာပို့ချိန်၊ ဝမ်ပေါင်ကုမ္ပဏီက ကြေးများ သယ်ယူချိန်နှင့် တရုတ်နိုင်ငံသားများ ခရီးစဉ်ရှိချိန်တိုင်းတွင်လည်း ပုသိမ်-မုံရွာလမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး၍ ပြည်သူများ မနေရဲအောင် ပြုလုပ်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးသည့်နောက်တွင် ဝမ်ပေါင်ကုမ္ပဏီသည် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု မကြာခဏ ဖော်ပြနေသော်လည်း လက်တွေ့တွင် မြေယာသိမ်းဆည်းခံရသည့် ဒေသများအတွက် မြေယာလျှော်ကြေးများကို ယနေ့အထိ ပေးလျော်ခြင်းမရှိသေးဘဲ ရွှေ့ပြောင်းခံရသည့် ဒေသပြည်သူများ၏ တောင်းဆိုမှုများကိုလည်း လိုက်လျောခြင်း မရှိဘဲ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် ၊ ပြည်သူများကို သတ်ဖြတ်နေသည့် ၊ အကြမ်းဖက်မှုမျိုးစုံလုပ်ကိုင်နေသည့် အကြမ်းဖက်စစ်တပ်ကို အားပေးကူညီနေခြင်း ဖြစ်ကြောင်း သပိတ်အင်အားစုများက ထောက်ပြထားသည်။
တရုတ်ဝမ်ပေါင်နှင့်ယန်စီကုမ္ပဏီကို သတိပေးတားမြစ်လိုက်သည့် ဒေသသပိတ်အင်အားစု ၁၇ ဖွဲ့တွင် မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်း၊ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်ဦးဆောင်ကော်မတီ၊ လက်ပံတောင်းတောင်ဒသခံသပိတ်စစ်ကြောင်း၊ ၅/လက်ပံတောင်းသပိတ်စစ်ကြောင်း၊ ၊ ချင်းတွင်းမြစ်ဘေးတစ်လျှောက်ကျေးရွာများ သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းတောင်လေးများ၊ သွေးမအေးတဲ့ရွှေနွယ်သွေး သပိတ်စစ်ကြောင်း၊ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ လူထုသပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်း၊ ယင်းမာပင်မြောက်ခြမ်းကျေးရွာများ သပိတ်စစ်ကြောင်း၊ ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစု၊ အာဏာရှင်ကို အမြစ်ဖြတ်တော်လှန် လမ်းမထက်က ရွှေဥက္ကံသပိတ်စစ်ကြောင်း၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း၊ စည်းလုံးခြင်းနှင့် ခရီးဆက် ဖက်ဆစ်စိတ်ဓာတ်အမြစ်ဖြတ် လူထုသပိတ်စစ်ကြောင်း၊ လူငယ့်အားမာန် လူထုသပိတ်စစ်ကြောင်း၊ ပြည်သူ့အားမာန်လူထုသပိတ်စစ်ကြောင်း တို့ဖြစ်ကြသည်။
