ခင်ဦးရှိ ရွာသန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂ လုံးပြာကျ၊ ဒီပဲယင်းမြို့ပေါ်ရှိ ကွက်သစ် ရပ်ကွက်ကို စစ်တပ်က မီးတင်ရှို့နေ
ရန်ကုန်၊ သြဂုတ် ၉
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွာသန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၂ လုံးပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် တောင်ပိုင်းရှိ ရွာသန်းကျေးရွာကို ရွှေဘိုမြို့နယ် ဖုတ်ကုန်းရွာမှ ပျူစောထီးများနှင့် လေ့ကျင့်ရေး ၈ မှ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ကျေးရွာအတွင်း ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” ဒီနေ့ စစ်ခွေးတွေ ရွာသန်းရွာကို မီးရှို့သွားတယ်။ နေအိမ် ၂ လုံးပြာကျသွားတယ်။ အခု စစ်ကြောင်းက ပြန်ထွက်သွားပြီလို့သိရတယ်။ အခု စစ်ကြောင်းက ဖုတ်ကုန်းရွာကို ပြန်ရောက် သွားပြီလို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
အလားတူ ဒီပဲယင်းမြို့ပေါ်ရှိ ကွက်သစ် ရပ်ကွက်မှ နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့ပေါ်ရှိ ကွက်သစ် ရပ်ကွက်မှ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
” အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။ စစ်ခွေးတွေ အခုမီးရှို့နေတယ်ပဲ သိရသေးတယ်” ဟု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။