ထိုင်းနိုင်ငံ၊ ချိုင်းနတ်ခရိုင်ရှိ အမြန်လမ်းပိုင်းတွင် မြန်မာ အလုပ်သမား ၉ ဦး ဖမ်းဆီးခံရ
ရန်ကုန်၊ သြဂုတ် ၉
ထိုင်းနိုင်ငံ၊ ချိုင်းနတ်ခရိုင်ရှိ အမြန်လမ်းပိုင်းတွင် ကား ၁ စီးဖြင့် လိုက်ပါလာသော မြန်မာအလုပ်သမား ၉ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။
ဩဂုတ်လ ၇ ရက်နေ့တွင် ချိုင်းနတ်ခရိုင် စမ်ဖရားဒေသ ခေါက်ကယ်ဝိုရွာအနီးရှိ အမြန်လမ်းမပေါ်တွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့များ စစ်ဆေးရေးပြုလုပ်နေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ကားပေါ်တွင် အသက် ၁၉ နှစ်အရွယ် ထိုင်းနိုင်ငံသား ကားသမားနှင့် မြန်မာအလုပ်သမား အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးတို့ လိုက်ပါလာခြင်း ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ အလုပ်သမားများသည် အသက် ၂၀ နှစ်နှင့် ၂၆ နှစ်အရွယ်များ ဖြစ်ကြပြီး အားလုံးတွင် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားများ မတွေ့ရှိရကြောင်း၊ မြန်မာအလုပ်သမားများကို နခွန်စဝမ်ခရိုင်ရှိ တောထဲမှ အယုဒ္ဓယခရိုင် ဘန့်ပအင်းဒေသသို့ ပို့ဆောင်ပေးရန် မြန်မာနိုင်ငံသားတစ်ဦးက ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ထိုင်းကားသမား၏ အာဏာပိုင် အဖွဲ့များကို ပြောဆိုချက်အရ သိရသည်။
ဖမ်းဆီးရမိသော ထိုင်းကားသမားနှင့် မြန်မာအလုပ်သမားများကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ချိုင်းနတ်ခရိုင် ခေါင်ကယ်ဝိုရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
ဩဂုတ်လ ၅ ရက်နေ့ကလည်း အယုဒ္ဓယခရိုင်တွင် ကားတိမ်းမှောက်မှုကြောင့် ကားပေါ်ပါ တရားမဝင် မြန်မာအလုပ်သမား ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြီးခဲ့သည့် ဩဂုတ်လ ၃ရက်ညပိုင်းတွင်ကလည်း ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသတွင် ဟင်းသီးဟင်းရွက်တင် ကုန်ကားပေါ်တွင် တရားမဝင်ပုန်းခို လိုက်ပါလာသော မြန်မာအလုပ်သမား ၅၂ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ ဖော်ပြချက်အရသိရသည်။