ပုလောမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီး
ရန်ကုန်၊ သြဂုတ် ၉
တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
သြဂုတ်လ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပုလောမြို့နယ်အတွင်းရှိ မှော်ကြောင်း၊ လက္ကူး၊ မြတောင်၊ ပိတပ်၊ တို၊ ဇရပ်ဆိပ်၊ တပို၊ ပဝတ်ကုန်း၊ ကျောင်းနိမ့်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် ဇရပ်ဆိပ်ရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသား ၂ ဦး၏ ဦးခေါင်းနှင့် တင်ပါးကို ကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် လက္ကူးရွာမှ နေအိမ် ၂ လုံးလည်း လက်နက်ကြီး ကျည်စထိမှန်ကာ နေအိမ် ၁ လုံးမှာ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုသည် ပုလောမြို့အခြေစိုက် ခလရ ၂၈၅ တပ်ရင်း အပါအဝင် စစ်တပ် အထိုင်ချထားသော တပ်စခန်းများမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပြီးခဲ့တဲ့ ဇူလိုင်လကလည်း တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ပုလောမြို့နယ်၊ ပိတပ်ရွာက ငါးဖမ်းလှေငယ်နှစ်စီးပျက်စီးခဲ့ကြောင်း သိရှိရသည်။
Photo – သြဂုတ်လ ၃ ရက်နေ့က အကြမ်းဖက် စစ်တပ် ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည် ထိခိုက်မှန် ပျက်စီးခဲ့သည့် တနင်္သာရီမြို့နယ်မှ နေအိမ် ၁ လုံးအားတွေ့ရစဥ်
(တနင်္သာရီတိုင်းမ်သတင်းဌာနသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)