33 C
Yangon

ရခိုင်ပြည်နယ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် မွတ်စလင် ၄၅ ဦးထဲမှ ၁၅ ဦး၏ ရုပ်အလောင်းကို ပြန်တွေ့

Must read

ရခိုင်ပြည်နယ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် မွတ်စလင် ၄၅ ဦးထဲမှ ၁၅ ဦး၏ ရုပ်အလောင်းကို ပြန်တွေ့

ရန်ကုန်၊ ဩဂုတ် ၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘာဆာကျေးရွာအနီး ဩဂုတ်လ ၇ ရက်နေ့က စက်လှေတိမ်းမှောက်၍ ပျောက်ဆုံးနေသည့် မွတ်စလင် ၄၅ ဦးထဲမှ ၁၅ ဦး၏ ရုပ်အလောင်းကို ပြန်တွေ့ထားကြောင်း စစ်တွေအခြေစိုက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းထံမှ သိရှိရသည်။

ယင်း စက်လှေတွင် မွတ်စလင် ၅၅ ဦးပါဝင်ပြီး စစ်တွေမြို့နယ် ဘာဆာကျေးရွာအနီး ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကာ ပြန်လည်ရှာဖွေရာတွင် ဩဂုတ်လ ၈ ရက်နေ့တွင် ၂ လောင်း၊ ယနေ့ ဩဂုလ ၉ ရက်နေ့တွင် ၉ လောင်း စုစုပေါင်း ၁၅ လောင်း ပြန်လည် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တွေ့ရှိသူများတွင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၈ ဦးပါဝင်ပြီး ရင်ခွဲရုံသို့ ပို့ထားကာ သင်္ဂြိုဟ်ရန်အတွက် သက်ဆိုင်ရာသို့ အပ်ထားကြောင်း ရွှေမေတ္တာဖောင်ဒေးရှင်းမှ ကိုဗျာလက ပြောကြားသည်။

ရုပ်အလောင်းများကို စစ်တွေမြို့နယ် ဘာဆာ၊ သဲချောင်း၊ ဗေဒါနှင့် ဒါးပိုင်ကျေးရွာအနီး ကမ်းခြေများတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စက်လှေတိမ်းမှောက်စဉ်တွင် အသက်ရှင်ကျန်ရစ်သူ ၈ ဦးရှိကာ ၎င်းတို့ကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် စစ်ဆေးမေးမြန်းနေကြောင်း သိရှိရသည်။

စက်လှေပေါ်တွင် လိုက်ပါလာသူများမှာ ပွဲစားများကို ငွေကျပ် သိန်း ၁၀၀ ကျော်ပေး၍ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန်သွားရောက်စဉ် စစ်တွေပင်လယ်ပြင်၌ စက်လှေတိမ်းမှောက် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်မှ မွတ်စလင်များမှာ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန် ပင်လယ်မှ စက်လှေဖြင့် လည်းကောင်း ကားလမ်းနှင့် လေကြောင်းမှ သော်လည်းကောင်း ပွဲစားများဖြင့် သွားလေ့ရှိပြီး အထောက်အထားမရှိသူများကို အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခြင်းခံရမှုလည်း ရှိကြောင်း ဒေသပြည်သူများက ပြောကြားသည်။

မလေးရှားသို့ သွားရောက်သူ မွတ်စလင်များမှာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသမှ ဖြစ်ပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်သူမှာအများစုဖြစ်ကြောင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့် လွတ်လပ်စွာအလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ခံထားရခြင်းအပါအဝင် ဒုက္ခသည်စခန်းရှိ မွတ်ဆလင်များမှာ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် မလေးရှားနိုင်ငံနှင့် အခြားနိုင်ငံအသီးသီးသို့ ပွဲစားများအား ငွေပေးပြီး မှောင်ခိုလမ်းကြောင်းများမှ သွားရောက်နေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်မီဒီယာ၏ မိတ်ဖက် သတင်းဌာနဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article