မုံရွာမြို့၊ ကန်သာယာ၌ ပြုလုပ်ခဲ့သည့် သပိတ်အဖွဲ့ကို စစ်တပ်က ပစ်ခတ် ဖမ်းဆီးမှုကြောင့် အဖွဲ့ဝင် တစ်ဦး အဆက်အသွယ်မရဘဲ ပျောက် ဆုံးနေ
ရန်ကုန်၊ ဩဂုတ် ၉
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ကန်သာယာအနီးတွင် ၃၅ နှစ်ပြည့် “၈၈၈၈” အရေးတော်ပုံ နေ့ အထိမ်းအမှတ် ဆန္ဒထုတ်ဖော်ခဲ့သည့် သပိတ်အဖွဲ့မှ အဖွဲ့ဝင် ရဲဘော်တစ်ဦး အဆက်အသွယ်မရပဲ ပျောက်ဆုံးနေကြောင်း မုံရွာသပိတ်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၈ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်က မုံရွာသပိတ်အင်အားစုနှင့် မုံရွာတော်လှန် ကွန်ယက်အဖွဲ့တို့ ပူးပေါင်းပြီး ၃၅ နှစ်ပြည့် “၈၈၈၈” အထိမ်းအမှတ်အဖြစ် မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ကန်သာယာ၌ သပိတ်ပြုလုပ်နေစဉ် အကြမ်းဖက်စစ်သားများမှ အနက်ရောင်အိမ်စီးကားဖြင့်ရောက်ရှိ လာပြီး ပစ်ခတ်ဖမ်းဆီးရာ လွတ်မြောက်ရာသို့ အသီးသီးထွက်ပြေးခဲ့ရသဖြင့် အုပ်စုကွဲကာ ရဲဘော်တစ်ဦး အဆက်အသွယ်ပြတ်နေခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ညပိုင်းအထိ အဆက်အသွယ်ပြတ်နေတာက တစ်ယောက်ပဲကျန်တော့တာ၊ ဒါကလည်း ဖမ်းခံရ တာ ဟုတ်မဟုတ် အတည်ပြုလို့မရသေးဘူး၊ ကျန်တဲ့သူတွေ အားလုံး အဆက်အသွယ်ရပြီ၊ ဖမ်းခံရတဲ့ သူတွေက သပိတ်မှာမပါတဲ့သူတွေဆိုရင် သူတို့အတွက် စိုးရိမ်တယ်၊ အိမ်စီးကားနဲ့ ရုတ်တရက်ကြီး ရောက်လာပြီး သေနတ်နဲ့ အရင်ပစ်တာ၊ ဟေ့ကောင်တွေ မပြေးနဲ့ရပ်ရပ်ဆိုပြီး ဆက်တိုက်ပစ်တာ၊ ပြေးရင်းနဲ့ဆိုတော့ နောက်ပြန်မကြည့်နိုင်ဘူး၊ အုပ်စုတွေကွဲကုန်တာ” ဟု မုံရွာသပိတ်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါသပိတ်အဖွဲ့ကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖမ်းဆီးရာ လူငယ် ၃ ဦးဖမ်းဆီးခံရပြီး ရိုက် နှက်ဖမ်းဆီးခံရသူများရှိသဖြင့် ထိခိုက် ဒဏ်ရာရရှိသူများလည်းရှိနိုင်ကြောင်း၊ ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့ညပိုင်းက မုံရွာလူထုသပိတ်တိုက် ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။