ဂန့်ဂေါခရိုင်အတွင်း စစ်ကား ၄၈ စီးဖြင့် စစ်ကြောင်းထိုးနေသည့် စစ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၆ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၃
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း စစ်ကား ၄၈ စီးဖြင့် စစ်ကြောင်းထိုးနေသည့် စစ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၆ ဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၈/၉ တပ်ရင်း (KTU.PDF) က ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဂန့်ဂေါခရိုင်ရှိ အကြည်ပန်းပလွန်း ကျေးရွာတွင် ညအိပ် တပ်စွဲ၍ ရှေ့ပြေးအဖြစ် ထွက်လာသည့် အကြမ်းဖက်စစ်သားများကို နံနက် ၁၀ နာရီခန့်တွင် အကြည်ပန်းပလွန်းကျေးရွာနှင့်အညာပန်းပလွန်းကျေးရွာ အကြား၌ ကျောက်ထုPDF ဂန့်ဂေါခရိုင်၊ အမှတ်(၈/၉)တပ်ရင်းတို့မှ အသင့်ထောင်ထားသော Remote မိုင်း ၁၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ၂ ဦး သေကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ နံနက် ၁၀ နာရီ ၂၁ မိနစ်မှ ၁၀ နာရီ ၄၅ မိနစ်အခန့်အထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များမှ အနီးကပ် လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တပြင်းကျေးရွာ အနောက်ဘက် သံတွင်းချောက်ကို ရောက်ရှိလာစဥ် အသင့်ထောင်ထားသည့် ပဒေသာတိုက်မိုင်း ၁၀ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ Remote ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျောက်ထုPDF ဂန့်ဂေါခရိုင်၊အမှတ်(၈/၉)တပ်ရင်း၊ကျောက်ထုဒေသ ပကဖတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောက်ထုအမြောက်တပ်မှ ဩဂုတ်လ ၅ ရက်နေ့က ထွက်လာသည့် စစ်ကြောင်းဖြစ်ပြီး ပန်းဆန်ရွာ၊ နသိုးကျေးရွာ၊ အကြည်ပန်းပလွန်းရွာတို့၌ ညအိပ်တပ်စွဲခဲ့ပြီး ကျေးရွာများအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူစားသောက်ကာ ဆန် ၊ ဆီနှင့် အသုံးအဆောင်ပစ္စည်းများကိုပါ ခိုးယူသွားကြောင်း ဂန့်ဂေါခရိုင်အမှတ် ၈/၉ တပ်ရင်း (KTU.PDF) ထံမှ သိရသည်။