ဧရာ၀တီရေတပ်စခန်းဌာနချုပ် ၊ရေတပ် ဘုရင့်နောင်ရိပ်သာ ဓမ္မာရုံ ပြင်ဆင်ရန် စစ်အရာရှိများက လုပ်ငန်းရှင်နှင့် ပြည်သူများကို ငွေညှစ်
ရန်ကုန်၊ ဩဂုတ် ၁၄
ရန်ကုန်တိုင်း၊ ဧရာ၀တီရေတပ်စခန်းဌာနချုပ်က ဆောက် လုပ် လှူဒါန်းခဲ့သည့် ဗဟန်းမြို့နယ်၊ ဘုရင့်နောင်ရိပ်သာ ဓမ္မာရုံမှာ ပြိုကျပျက်စီးသွားသဖြင့် ပြန် လည် ပြင်ဆင်ရေး စစ်အရာရှိများ အလှူငွေ ထည့်ရန် ရေတပ်က ညွှန်ကြား လာချိန်တွင် ရေတပ်အရာရှိများက ပြည်သူများနှင့် လုပ်ငန်းရှင်များထံမှ အတင်း အကျပ် ငွေပြန်ညှစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဗဟန်းမြို့နယ်တွင် ၁၉၉၆ ခုနှစ် ရေတပ်က လှူဒါန်း ဆောက်လုပ်ခဲ့သော ဘုရင့်နောင် ရိပ်သာ ဓမ္မာရုံ ပြိုကျပျက်စီးနေ၍ ပြန်လည် ပြုပြင်ရန် ရေတပ် အရာရှိ ၁၂၅ ဦးက တစ်ဦးလျှင် အနည်းဆုံး အလှူငွေ ၃၀၀၀၀ ကျပ် ထည့်ဝင် ကြရန် ဧရာ၀တီရေတပ်စခန်းဌာနချုပ်က ညွှန်ကြားလာကြောင်း သိရှိရသည်။
အလှူငွေထည့်ရမည့် အရာရှိများက ပြည်သူများနှင့် လုပ်ငန်းရှင်များကို ခေါ်ယူ ဖိအားပေး၍ ဘုရင့်နောင် ရိပ်သာ ဓမ္မာရုံ ပြင်ဆင်ရန်ဟုဆိုကာ ငွေညှစ် ပြန်လည် တောင်းခံနေကြောင်း သိရှိရသည်။
“ရေတပ်က အရာရှိတွေကို တစ်ဦး ၃၀၀၀၀ တောင်းတာကို အဲဒီအရာရှိတွေက ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေကို ဓမ္မာရုံ အကြောင်းပြပြီး ငွေပြန်ညှစ်တယ်။ သူတို့ထည့်ရမှာ ၃၀၀၀၀ ကို ပြည်သူတွေဆီက ဓမ္မာရုံ ဗန်းပြပြီး ရသလောက် ငွေပြန်ညှစ်နေတာ” ဟု ရန်ကုန်မှ ဆီတင်သင်္ဘောပိုင်ရှင်တစ်ဦးက ရှင်းပြသည်။