ယင်းမာပင်မြို့နယ်တွင် ၇ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး
ရန်ကုန်၊ သြဂုတ် ၁၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ၇ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း ULF တပ်ပေါင်းစု (Dragon Brothers Task Force-DBTF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၆ ရက်နေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်ပင်ဆိပ်မှ ထွက်လာသည့် စစ်ဖက်သုံး ရေယာဥ်များ ကရိန်းကားများနှင့် သစ်သည် ကလပ်များ တင်ဆောင်လာသည့် ရေယာဥ်များသည် နံနက် ၆ နာရီခန့်တွင် စည်သူရွာနှင့် သံဘို ကျေးရွာသို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်လာပြီး မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးလျှက်ရှိသော ပြည်သူပိုင်သစ်များကို ခိုးထုတ်ရန် ပြုလုပ်ခြင်းကြောင့် နံနက် ၇ နာရီခန့်မှစ၍ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၆ ရက်နေ့တွင် တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း၊ သြဂုတ်လ ၇ ရက်နေ့တွင် ဒရုန်းများ လက်နက်ကြီး ပစ်ကူများနှင့်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ သြဂုတ်လ ၁၀ ရက်နေ့တွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ ၄၃ မိနစ်ခန့်တွင် ၁၀၇ ရှော့တိုက်ဒုံး၊ ၆၀ မမ ဖြင့် အကြမ်းဖက် စစ်တပ် အထိုင်ချထားသော ရန်သူနေရာကို ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၆ ရက်နေ့မှ သြဂုတ်လ ၁၂ ရက်နေ့ထိ ၇ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ ထိခိုကိ ဒဏ်ရာရသူများကို အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ခေါ်ဆောင်သွားကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်၏ မုံရွာ (ကျောက်စစ်ပုံ) အမြောက်တပ်နှင့် ရွှေတောင်ဦးကုန်း ငွေကမ္ဘာမင်းဆီဆိုင်နား၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တော်လှန်ရေး ရဲဘော် ၅ ဦး ဒဏ်ရာရရှိကာ ရဲဘော် ၂ ဦး ကျဆုံးပြီး ရဲဘော် ၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ULFတပ်ပေါင်းစုမှ စစ်ကြောင်းမှူး ကိုနိုင်မင်း (Dragon Brothers Task Force-DBTF) ဦးဆောင်သော Comrade Columnsစစ်ကြောင်း၊ KLG စစ်ကြောင်းနှင့် Alpha စစ်ကြောင်း စသည့် စစ်ကြောင်းသုံးကြောင်းမှ အတူပူးတွဲကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
