ထားဝယ်မြို့နယ်ရှိ ဟိန္ဒားရွာမှ ပျူစောထီး ၁ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး
ရန်ကုန်၊ သြဂုတ် ၁၄
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဟိန္ဒားရွာမှ ပျူစောထီး ၁ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၂ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ ဟိန္ဒားရွာမှ ပျူစောထီးအဖွဲ့ဝင် အသက် ၅၀ ကျော်အရွယ် သိန်းတန်ကို PDF တပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။
လက်ရှိချိန်တွင် ပျူစောထီး သိန်းတန်သည် သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း၊ သိန်းတန်သည် ဒေသတွင်း မိုင်းတူးဖော်သူများထံမှ စက်ကြေးတောင်းခံခြင်း ၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို ကိုယ်တိုင်လိုက်ပါလမ်းပြပေးခြင်းနှင့် စစ်ရိက္ခာများ/ပျူစောထီး အဖွဲ့ဝင်များကို စုဆောင်းပေးကြောင်းတို့ ပြုလုပ်သူ ကျူးလွန်ထားသူ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဟိန္ဒားရွာသည် ပျူစောထီး အဖွဲ့ဝင်များ စုဝေးရာရွာဖြစ်ပြီး ၎င်းရွာရှိ မြန်မာပွန်ပီပက်သတ္တုကုမ္ပဏီတွင်လည်း အကြမ်းဖက် စစ်တပ်က အင်အား ၅၀ ဝန်းကျင်ခန့်ဖြင့် တပ်စွဲထားကြောင်း သိရသည်။
