ရွှေဘိုမြို့အဝင် မုဒ်ဦး၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အဝင် မုဒ်ဦး၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း Buffalo Soliders Freedom Force (SBDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဩဂုတ်လ ၁၄ ရက် ညနေ ၆ နာရီခန့်က အဆိုပါအကြမ်းဖက်စစ်သားများကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ည ၇ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်သား ၁၅ ဦး မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းကွင်းရှိရာသို့ ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ရှေ့ထွက်မိုင်း ၅ လုံး တစ်ပွိုင့်ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
“ကျနော်တို့ လက်နက်ကြီးတွေနဲ့ပစ်နေတုန်း ၁၅ ယောက်လောက်က မိုင်းပွိုင့်ဘက်ကို တည့်တည့် ခြေလျင်တက်လာတာ၊ အဲဒါကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ ၆ ဦးသေတာကတော့ သေချာတယ်၊ ဒဏ် ရာ ရတဲ့သူတွေကတော့ စုံစမ်းဆဲပါပဲ၊ ကျနော်တို့ ရဲဘော်တွေအားလုံးဘေးအန္တရာယ်ကင်းခဲ့ပါတယ်” ဟု Buffalo Soliders Freedom Force (SBDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Buffalo Soliders Freedom Force (SBDF) တပ်ဖွဲ့၊ တောကျီးကန်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် SBDF စခန်း ၁ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်ညနေပိုင်းက ရွှေဘိုမြို့မုဒ်ဦးတွင် သေနတ်ပစ်ဖောက်စိန်ခေါ်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် မစ်ရှင်တွင် အကြမ်းဖက်စစ်ကောင်စီလက်ကိုင်တုတ် ရွှေဘိုမြို့မရဲစခန်းမှ ဒုစခန်းမှူး သိန်းစိုးလင်းမှာ မိုင်းထိဒဏ်ရာဖြင့် ဩဂုတ်လ ၁၂ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း သိရသည်။