မြင်းမူတွင် ဆက်ကြေးကောက်နေသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ရွှေကူမြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး
ရန်ကုန်၊ သြဂုတ် ၁၆
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ဆက်ကြေးကောက်နေသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလကပ္ပကျေးရွာ အကြား ရေဦး ဆီဆိုင် အဟောင်း အနီး၌ ပြည်သူများထံ ဆက်ကြေး ကောက်နေသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ရာ စစ်သားများ အနီးကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မူကို T.G.R People Defense Force၊ T.G.R Women Drone Force၊ Black Eagle Drone Forceနှင့် ကျောက်ဆည်ခရိုင်တပ်ရင်း ၂ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ကချင်ပြည်နယ်၊ ရွှေကူမြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း မြို့လှ PDF တပ်ဖွဲ့ထံမှ သိရသည်။
သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေကူမြို့ ရဲစခန်းကို မြို့လှ K-PDF တပ်ရင်း တပ်ခွဲ(၁) ဗိုလ်မိုးကြိုး၏ မိုးကြိုးဝေဟင် အဖွဲ့က ဗုံးသီး ၄ လုံးဖြင့် ၂ ကြိမ်တိုင်ခိုက်ခဲ့ရာ ရွှေကူမြို့ ရဲစခန်းမှ အမှတ် ၄ နယ်ထိန်း ရဲ ၁ ဦး ဗိုက်ပွင့် သေဆုံးပြီး နယ်ထိန်း ၂ ဦးနှင့်အတူ တပ်သား ၆ ဦး စုစုပေါင်း ၈ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
