ပေါက်ခေါင်းမြို့နယ်တွင် ခြင်းလုံးခတ်နေသော အင်ငါးခွ အုပ်ချုပ်ရေးမှူး ဇော်လင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၇
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီက ခန့်အပ်ထားသော အင်ငါးခွကျေးရွာစု အုပ်ချုပ်ရေးမှူး ဇော်လင်းအောင်သည် ခြင်းလုံးခတ်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် အင်းငါးခွကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူးဇော်လင်းအောင်ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(၃၆၀၁-PPDF)တပ်ရင်း တပ်ခွဲ ၅ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပေါက်ခေါင်း-ပြည်လမ်းမဘေးတွင် ခြင်းလုံးခတ်နေစဉ် ဝင်ရောက်ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်လင်းအောင်သည် စစ်ကောင်စီတပ်၏ လက်ပါးစေ ရဲ၊ စစ်သားများနှင့် ပူးပေါင်းပြီးဆိုင်ကယ်လိုင်စင်ဖမ်းရာတွင် လိုက်ပါခြင်း၊ ကြံကားများကို ငွေညှစ် တောင်ခံခြင်း၊ မပေးလျှင်အချိန်မတော် မောင်းနှင်သည်ဟုဆိုကာထိုးကြိတ်ခြင်း၊ ပြည်သူများကို ဖမ်းဆီး အရေးယူဆောင်ရွက်၍ ထောင်ကျအောင်လုပ်ဆောင်ခြင်း၊ သစ်ကားများ ကိုလိုင်း ကြေး ကောက်ခံပေးခြင်းများ လုပ်ဆောင်ကြောင်း သိရှိရသည်။
ထို့ပြင် ဇော်လင်းအောင်သည် တောင်သူလယ်သမားများကို စိုက်ပျိုးရေးချေးငွေများကို ဆပ်ရန် လိုက်လံခြိမ်းခြောက်ကာကောက်ခံပေးခြင်း၊ လောင်းကစားဝိုင်းများကိုလည်းလစဉ်ကြေးယူ ခွင့်ပြု လုပ်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁-PPDF) တပ်ရင်း တပ်ခွဲ ၅ က သွားရောက် ပစ်ခတ်ရာမှ အုပ်ချုပ်ရေးမှူး ဇော်လင်းအောင် သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။